လိုင်စင်၊ ID များနဲ့ ကွဲလွဲပြီး တရားမဝင်တင်ဆောင်လာသော Backhole ယာဉ်ယန္တရားနဲ့ အခြားပစ္စည်းများစစ်ဆေးတွေ့ရှိ

   တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီရဲ့ စီမံကွပ်ကဲမှုနဲ့ မြဝတီ-ရန်ကုန်ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအား စစ်တောင်းတံတားဟောင်းသစ်လမ်းဆုံရှိ ညောင်ခါးရှည်မှာ Mobile Team အဖွဲ့ လရ-၂ သည်  ယာယီအခြေပြု၍ ဆောင် ရွက်လျက်ရှိပါတယ်။

   ထိုသို့ ဆောင်ရွက်နေစဉ် ဇန်နဝါရီလ  ၂၆ရက်  ညနေ ၆ နာရီအချိန်မှာ သတင်းပေးမှ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကွပ်ကဲမှုရုံးသို့ မြဝတီမှ ရန်ကုန်သို့ထွက်ခွာလာသော သွင်းကုန်ယာဉ် ၃ စီး ပေါ်မှာ တရားမဝင်အကောက်ခွန်မဲ့ Backhole ယာဉ်ငယ်များ၊ ကားအင်ဂျင်၊ ဂီယာဘောက်(စ်) များ၊ ကားတာယာ၊  ကားအပို ပစ္စည်းများ၊ မီးစက်များတင်ဆောင်သွားကြောင်း သတင်းပေးတိုင်ကြားလာတဲ့အတွက် လရ-၂ သို့ အကြောင်းကြားပြီး ပိတ်ဆို့တားဆီးစစ်ဆေးစေခဲ့ပါတယ်။ အဆိုပါယာဉ်များနဲ့ ပတ်သက်ပြီး ရောက်ရှိမှုမြေပြင်သတင်းစုံစမ်း လေ့လာရာမှာ ညောင်ခါးရှည်တံတား လမ်းဟောင်းမှာ စစ်ဆေးခံရန် ရပ်တန့်ထားတာကိုတွေ့ရှိခဲ့ရပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက် လိုက်များအား ရှာဖွေရာမတွေ့ရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားပြီလို့သိရပါတယ်။ အဆိုပါယာဉ် ၃ စီးမှာ မဲစနစ်အရ ယာဉ်စစ်ခံရန် Mobile Team တာဝန်ကျ အကောက် ခွန်ဌာနတွင် စာရင်းပေးသွင်း  ID ဖြတ်ပြီး ID မိတ္တူနဲ့ မှတ်ပုံတင်စာရင်းရေးသွင်းထားသည်ကို စိစစ်တွေ့ရှိရပါတယ်။

   မြေပြင်အနေအထားနဲ့ အချိန် အခါအရ ၂၀၁၅ ဇန်နဝါရီလ ၂၇ ရက် နံနက်အချိန်မှ  Mobile Team အဖွဲ့စုံနဲ့ ဖွင့်ဖောက်စစ်ဆေးသောအခါ အခြားကုန်များနဲ့ သိုဝှက်ဖုံးအုပ် သယ်ဆောင်လာတဲ့ ယာဉ်ယန္တရား  Backhole ၅ စီး၊ ကားအင်ဂျင်၊ ဂီယာ ဘောက်(စ်)၊ ရှော့ ဘား၊ ဟွန်း၊ ကားတာယာ၊ ပီနံအိတ်ခွံ၊ Cooling Pad၊ ကားအပိုပစ္စည်း၊ မီးစက်၊ ဂုံနီအိတ်ခွံ၊ ကားပစ္စည်း၊ ကားတာယာ အသေး၊ 3K Battery၊ ကားဂွေအသေးများကို အီဆူဇူး ၆ ဘီးယာဉ် 4E/  xxxx၊ နစ်ဆန်းဒီဇယ် ၁၂ ဘီး 8J/xxxx နဲ့  ဟီးနိုး ၁၂ ဘီး 1B/xxxx တို့ပေါ်မှ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ အသေးစိတ် ဖွင့်ဖောက်စစ်ဆေးပြီး အကောက်ခွန်ဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနဲ့အညီအမှုဖွင့်အပ်နှံနိုင်ရေးအတွက် Mobile Team လရ-၂ ဒုတိယတာဝန်ခံဦးစီးအဖွဲ့မှ ရန်ကုန်သို့လာရောက်အပ်နှံနေပြီလို့သတင်းရရှိပါတယ်။ စစ်ဆေးတွေ့ရှိရတဲ့ ပစ္စည်းအမျိုးအစား၊ အရေအတွက်နဲ့ ခန့်မှန်းတန်ဖိုးများ ကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

DCCA