စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ အရှေ့တောင်အာရှစီမံကိန်းများ ညှိနှိုင်းရေးမှူး မစ္စတာဆာဂေးရှတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခရက်စ်နောဂေါ့စ်ခ်မြို့အခြေစိုက် မော်စကိုခရိုင်ဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (Fund RC-Investment) ၏ အရှေ့တောင်အာရှစီမံကိန်းများ ညှိနှိုင်းရေးမှူး မစ္စတာဆာဂေးရှတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်၊ ၁၀:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ-၁ ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေရန်အတွက် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ အပါအဝင် အဓိကပို့ကုန်များအား ရုရှားနိုင်ငံ၌ ဈေးကွက် ပိုမိုရရှိနိုင်ရေး၊ ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများကျင်းပကာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှုရှိစေရေးနှင့် ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရေးအတွက် အပြန်အလှန် ဖိတ်ကြားသွားနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှု စင်တာများ အပြန်အလှန် ဖွင့်လှစ်နိုင်ရေး၊ နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်မည့် သဘာဝမြေဩဇာစက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများ တင်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
