စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၊ မြန်အောင်မြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယနေ့နံနက်ပိုင်းတွင်ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့ရှိ Gold Delta ဆန်စက်ရှိ ရှင်းလင်းဆောင်၌   ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။

   အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာန သည် နိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် သွင်းကုန်ကဏ္ဍကို လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ နိုင်ငံတကာကုမ္ပဏီများ၊ စီးပွား‌ရေးလုပ်ငန်းရှင်များနှင့် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်များ ကမ္ဘာ့ဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရှာဖွေ နိုင်ရေးနှင့် အမယ်သစ်ပို့ကုန်များ တင်ပို့နိုင်ရေးအတွက် ပြည်ပနိုင်ငံများတွင် စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များသည် နိုင်ငံ ဝင်ငွေရရှိရေးအတွက် အဓိကနေရာမှ ပံ့ပိုးပေးလျက်ရှိသောကြောင့် ၎င်းကုန်ထုတ်လုပ်မှုကဏ္ဍ၏ ကွင်းဆက်လုပ်ငန်းစဉ်တွင် လိုအပ်သော ပစ္စည်းများနှင့် သွင်းအားစုများကို နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပမှ လစဉ် ဝယ်ယူဖြည့်တင်းပေးလျက်ရှိပါကြောင်း၊ ယနေ့ကမ္ဘာ့ဈေးကွက်တွင် ထုတ်ကုန်ပစ္စည်း အမျိုးအစား ကောင်းမွန်မှုအပေါ် ရွေးချယ်မှုနှင့် ဈေးနှုန်းပြိုင်ဆိုင်မှုတို့သည် နိုင်ငံများ၏ ကုန်ထုတ် လုပ်မှုကို စိန်ခေါ်လျက်ရှိနေကြောင်း၊ ကမ္ဘာ့ဈေးကွက်လိုအပ်ချက်နှင့်အညီ ဈေးကွက်ဝင် ထုတ်ကုန် များဖြစ်စေရေး၊ ဈေးကောင်းရရှိ‌ရေးအတွက် အားလုံးပူးပေါင်း‌ဆောင်ရွက်ကြရမည်ဖြစ်‌ကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် တက်ရောက်လာကြသည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပသို့ တိုက်ရိုက်တင်ပို့ သည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် စိုက်ပျိုးထုတ်လုပ်သူများက ဒေသထွက်ကုန်သီးနှံများအား စိုက်ပျိုး ထုတ်လုပ်မှု၊ ကြိတ်ခွဲထွက်ရှိမှုနှင့် ပြည်ပသို့ တင်ပို့နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

     ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့၊ မြို့နယ်အားကစားခန်းမတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသင်း အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် သပြေကုန်းကျေးရွာ၊ အ.ထ.က (သပြေကုန်း) ကျောင်း၊ စုပေါင်းခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်လည်းကောင်း တွေ့ဆုံပွဲများသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

   အဆိုပါ တွေ့ဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက အဖွင့်အမှာစကားပြာကြားရာ တွင် ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ စပါးကျီတစ်ခုဖြစ်သကဲ့သို့ မြန်အောင်ခရိုင်သည် ဆန်၊ ပဲ၊ ပြောင်း စိုက်ပျိုးထုတ်လုပ်မှုအများဆုံးခရိုင်တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်  သီးနှံများ အထွက်နှုန်းတိုးမြှင့်စေရေးအတွက် လိုအပ်သော သွင်းအားစုများကို ပြည်ပမှတင်သွင်းပေး လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိသည့်အတွက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန် များစွာအကျိုးပြု လျက်ရှိပါကြောင်း၊   လယ်ယာထွက်ကုန်သီးနှံများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေးနှင့် ဈေးကွက်ဝင် ထုတ်ကုန်များဖြစ်စေရေးအတွက်လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းများနှင့် MSMEs ကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်‌ရေး၊ လယ်ယာထွက်ကုန်သီးနှံများအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ပြုပြင်ပြောင်းလဲထုတ်လုပ်ပြီး ပြည်တွင်းစားသုံးရန်သာမက ပြည်ပသို့ တင်ပို့နိုင်ရေးအတွက် လည်းကောင်း အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း  ပြောကြားခဲ့သည်။

   ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာ့ ဆန်၊ ဆန်ကွဲများ နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ ဈေးကွက်၊ ဈေးနှုန်းအခြေအနေများနှင့် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ အရည်အသွေးပြည့်မီကောင်းမွန်သော ဆန်များထုတ်လုပ်တင်ပို့ နိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

   ဆက်လက်၍ တက်ရောက်လာသူများမှ သိရှိလိုသည်များနှင့် ကြုံတွေ့နေရသည့် အခက်အခဲ များအား တင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

   အဆိုပါ တွေ့ဆုံပွဲသို့ ဧရာတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဆန်နှင့်ဆန်ထွက်ပစ္စည်း ပြည်ပသို့ တိုက်ရိုက်တင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။