၂၀၂၅ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသကုန်သွယ်မှုတိုးတက်ရန် UNESCAP က ဆောင်ရွက်လျက်ရှိ
ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့်လူမှုရေးကော်မရှင် (UNESCAP) က ထုတ်ပြန်ခဲ့သည့် “အာရှ-ပစိဖိတ်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအကျဉ်းချုပ်အစီရင်ခံစာ (၂၀၂၄-၂၀၂၅)” တွင် အာရှနှင့်ပစိဖိတ်ဒေသသည် စီးပွားရေးမရေရာမသေချာမှုများကြားက ကမ္ဘာ့ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ဦးဆောင်လျက်ရှိကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ၏ ပို့ကုန်များနှင့်သွင်းကုန်များ အမှန်တင်ပို့/တင်သွင်းမှုသည် ကမ္ဘာ့တိုးတက်မှုနှုန်း ၁.၈% နှင့် ၂.၂% တို့နှင့် နှိုင်းယှဉ်ပါ က ၃.၄ % နှင့် ၃.၆ % အသီးသီး တိုးမြင့်လာကြောင်း၊ အရှေ့တောင်အာရှတွင် ကုန်သွယ်မှုတိုးတက်မှု (၅.၈ %) ဖြင့် ဒေသခွဲနိုင်ငံအများစုတွင် ရေရှည်ကုန်သွယ်မှုတိုးတက်မှုများရှိကြောင်း၊ UNESCAP က ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းနိုင်ငံများရှိ ကုန်စည်တင်ပို့မှုကို ၂.၇ % မှ ၃.၅ % ထိ တိုးတက်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ဝန်ဆောင်မှုကဏ္ဍတွင် ခရီးသွားလုပ်ငန်းနှင့်ဒီဂျစ်တယ်နည်းလမ်းဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုကြောင့် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်နှင့်သွင်းကုန်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ၈ % နှင့် ၁၀.၉ % တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း၊ ကုန်စည်ကုန်သွယ်မှုနှင့် မူဝါဒရေးရာမသေချာမှုများကြောင့် ဝန်ဆောင်မှုကုန်သွယ်ရေး လုပ်ငန်းများအပေါ် သွယ်ဝိုက်သောနည်းဖြင့် ဖိအားများ ကြုံတွေ့လာနိုင်သဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်မည့်နည်းလမ်းများကို ထည့်သွင်းစဉ်းစားထားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
အာရှနှင့်ပစိဖိတ် ဒေသများ၌ ပြည်တွင်းဈေးကွက်တိုးတက်မှုရှိပြီး စားသုံးသူများနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသဖြင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားလျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံထိရရှိခဲ့ပြီး ဆက်သွယ်ရေးလုပ်ငန်းများ၌ FDI များမှ အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံရရှိခဲ့သဖြင့် ဒုတိယအကြီးဆုံးကဏ္ဍအဖြစ် ရပ်တည်ကာ ၆၉ % သိသိသာသာ တိုးတက်လာကြောင်း ဖော်ပြထားသည်။
အာရှနှင့် ပစိဖိတ်ဒေသသည် ကမ္ဘာတစ်ဝန်းရှိ နှစ်နိုင်ငံအထက်ပါဝင်သော ကုန်သွယ်မှုသဘောတူ စာချုပ်များ(PTAs) ချုပ်ဆိုမှု ၆၀ % ခန့်ရှိပြီး၊ PTAs အများဆုံး ပေါ်ထွက်လာနိုင်ရန် ဖြည့်ဆည်းပေးနိုင်သည့် အကြီးမားဆုံးနေရာတွင် ဆက်လက်တည်ရှိနေကြောင်းနှင့် ဒေသတွင်းဆိုင်ရာ ကုန်သွယ်ရေးသဘောတူညီချက်များတွင် PTAs သည် ၃၇၄ ခု ပါဝင်ကြောင်း ဖော်ပြထားသည်။
ယခုနှစ်လက်မှတ်ရေးထိုးခဲ့သော သဘောတူစာချုပ်အသစ်များတွင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် ပြင်ပနိုင်ငံများ အားလုံးပါဝင်နိုင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များလည်း ပါဝင်ကြောင်း၊ အာရှနှင့် ပစိစိတ်ဒေသတွင်းရှိ နိုင်ငံများသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သမားရိုးကျပလက်ဖောင်းများထက် တီထွင်ဆန်းသစ်မှုရှိသော မူဘောင်များကိုလက်ခံခြင်းဖြင့် စံသတ်မှတ်ချက်အသစ်များ ချမှတ်ခဲ့ကြောင်း၊ “ စိမ်းလန်းသော စီးပွားရေးသဘောတူစာချုပ် - Green Economy Agreement ” နှင့် “ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူစာချုပ်- Agreement on Climate Change” နှင့် “ကုန်သွယ်မှုနှင့် ရေရှည်တည်တံ့မှု ဆိုင်ရာသဘောတူစာချုပ်- Agreement on Trade and Sustainability – ACCTS” ကဲ့သို့သော ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ ပေါင်းစပ်ထားသည့် ကုန်သွယ်ရေးသဘောတူစာချုပ်များတွင် အာရှ-ပစိဖိတ် စီးပွားရေးနိုင်ငံများ၏ ပါဝင်ဆောင်ရွက်မှုများ အားကောင်းလျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ဒေသတွင်းသီးခြား “ဒီဂျစ်တယ်စီးပွားရေး သဘောတူစာချုပ်များ” တွင် အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်အရေအတွက်များလည်း တိုးလာသည့်အပြင် BRICS နှင့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (Indo-Pacific Economic Framework -IPEF) ကဲ့သို့သော တောင်ပိုင်း-တောင်ပိုင်းနှင့် မြောက်ပိုင်း-တောင်ပိုင်း ဆိုင်ရာ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးများတွင်လည်း ပါဝင်မှုတိုးချဲ့ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။