ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ကမ္ဘာ့ဆိုက်ဘာလုံခြုံရေးအလားအလာ အစီရင်ခံစာက ရှုပ်ထွေးမှု များပြားလာခြင်း နှင့် ဆိုက်ဘာကျွမ်းကျင်မှုကွာဟချက် ကြီးထွားလာခြင်းကို သတိပေး

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်သည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ၂၀၂၅ ခုနှစ် အတွက် ကမ္ဘာ့ဆိုက်ဘာလုံခြုံရေး အလားအလာ အစီရင်ခံစာက ဆိုက်ဘာအခင်းအကျင်းတွင် ရှုပ်ထွေးမှုများပြားလာခြင်းကြောင့် အဖွဲ့အစည်းများနှင့် နိုင်ငံများအတွက် သိသာထင်ရှားသော သက်ရောက်မှုများဖြစ်ပေါ်စေကြောင်း၊ ယင်းရှုပ်ထွေးမှုများသည် အရှိန်အဟုန်ဖြင့် နည်းပညာသစ်များ များပြားလာခြင်း၊ ရှိရင်းစွဲ ပထဝီဝင်နိုင်ငံရေး မတည်ငြိမ်မှုများ၊ ခြိမ်းခြောက်မှုများ၊ စည်းမျဉ်းပိုင်း စိန်ခေါ်မှုများ၊ ထောက်ပံ့ရေးကွင်းဆက် အားနည်းချက်များနှင့် များပြားလာသော ဆိုက်ဘာကျွမ်းကျင်မှု ကွာဟချက်တို့မှဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။

ရှုပ်ထွေးမှုများလာခြင်းက ဆိုက်ဘာဆိုင်ရာမညီမျှမှု (inequality)၊ ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကွာဟမှု၊ ကဏ္ဍအလိုက်ကွာဟမှုများအပြင် အဖွဲ့အစည်းကြီးများနှင့် အသေးစားအဖွဲ့အစည်းများကြား ကွာဟချက်ကို တိုးလာစေပါသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အုပ်ချုပ်မှုဒါရိုက်တာက ဆိုက်ဘာကဏ္ဍသည် လျင်မြန်သော နည်းပညာတိုးတက်မှုများ၊ များပြားလာသောဆိုက်ဘာ ရာဇ၀တ်မှုများ၏ ရှုတ်ထွေးမှုများနှင့် အပြန်အလှန် ချိတ်ဆက်နေသော ထောက်ပံ့ရေး ကွင်းဆက်များကြောင့် ယခင်ကထက် ပိုမိုရှုပ်ထွေးပြီး စိန်ခေါ်မှုများ တိုးပွားလာကြောင်း၊ ယခုအစီရင်ခံစာမှ ကမ္ဘာ့ခေါင်းဆောင်များအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ရန်နှင့် ဆိုက်ဘာခံနိုင်ရည် အားကောင်းစေရန်အတွက် လိုအပ်သော အသေးစိတ်အကြောင်းအရာများကို ဖော်ပြထားကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍရှိ ပါဝင်ပတ်သက်သူများအကြား ပူးပေါင်းဆောင်ရွက်ခြင်းက ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်း၏ အကျိုးကျေးဇူးများကို အားလုံးခံစားနိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အရှိန်အဟုန်ဖြင့်တိုးလာသော ဆိုက်ဘာရှုပ်ထွေးမှုနှင့် မှန်းဆမရနိုင်မှုတို့၏ အဓိကအကြောင်းရင်းများတွင် ထောက်ပံ့ရေးကွင်းဆက်များ၏ အပြန်အလှန်မှီခိုမှု၊ ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ၊ ဉာဏ်ရည်တုဖြင့် ဆိုက်ဘာလုံခြုံရေးဆောင်ရွက်ခြင်းနှင့် လုံခြုံရေးနည်းလမ်းမပါဝင်သော ဉာဏ်ရည်တုစနစ်ကိုကျင့်သုံးခြင်း၊ ဆိုက်ဘာခြိမ်းခြောက်မှုများနှင့် ဉာဏ်ရည်တု၊  ကွဲပြားနေသောဆိုက်ဘာ ဥပဒေများကြောင့် စိန်ခေါ်မှုများ၊ ဆိုက်ဘာဗဟုသုတ ကွာဟချက်နှင့် လုပ်ငန်းခွင်စိန်ခေါ်မှုများဟူ၍ အစီရင်ခံစာတွင် အပိုင်းလိုက် ဖော်ထုတ်ပေးထားပါသည်။

လုံခြုံရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုများသည် ယခင်ကထက် ပိုမိုရှုပ်ထွေးပြီး ကြိုတင်မှန်းဆ၍မရဘဲ အဖွဲ့အစည်းတစ်ခု၏ ငွေကြေးတည်ငြိမ်မှုကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်ကြောင်း၊ ထောက်ပံ့ရေးကွင်းဆက် အားနည်းချက်များ၊ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ဉာဏ်ရည်တုနည်းပညာ၏ အနှောင့်အယှက်များကြောင့်လုပ်ငန်းကဏ္ဍအားလုံးတွင် ဆိုက်ဘာခံနိုင်ရည်ရှိမှု (cyber resilience) အတွက် ပိုမို တက်ကြွသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အစီရင်ခံစာသည် ဆိုက်ဘာလုံခြုံရေးမှ ဆိုက်ဘာခံနိုင်ရည်ရှိမှုသို့ ကူးပြောင်းရန်၊ ဆိုက်ဘာအန္တရာယ်များကို လူမှုစီးပွားရေးရှုထောင့်မှ အကဲဖြတ်ပြီး ဆိုက်ဘာခြိမ်းခြောက်မှုများကို ခံနိုင်ရည်ရှိစေရေး အရင်းအမြစ်များကို ထိရောက်စွာခွဲဝေပေးရန် ဖော်ပြထားပါသည်။ 

၂၀၂၂ ခုနှစ်အတွင်း ကော်စတာရီကာ၌ ဆိုက်ဘာတိုက်ခိုက်ခံရမှုများသည် ဆိုက်ဘာလုံခြုံရေးအတွက် ကုန်ကျစရိတ်များကို ပုံမှန်မဟုတ်ပဲ ရင်းနှီးမြှုပ်နှံမှုအနေဖြင့်ပါ အသုံးပြုရန် အချက်ပေးခဲ့ကြောင်း၊ ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ ဂေဟစနစ်အားကောင်းစေရန်နှင့်  ဆိုက်ဘာခံနိုင်ရည်မြှင့်တင်ရန် လိုအပ်ကြောင်း သိပ္ပံ၊ ဆန်းသစ်တီထွင်မှု၊ နည်းပညာနှင့်ဆက်သွယ်ရေးဝန်ကြီး Paula Bogantes Zamora မှ ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        The Business Today