စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း အိန္ဒိယ-မြန်မာ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့၊ ၁၀:၃၀ နာရီအချိန်တွင် ရန်ကုန်မြို့၊ Pan Pacific ဟိုတယ်၌ ကျင်းပပြုလုပ်သည့် အိန္ဒိယ - မြန်မာ စီးပွားရေးဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ယခုကျင်းပ ပြုလုပ်သည့် အိန္ဒိယ-မြန်မာ စီးပွားရေးဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရန် နှင့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုတိုးတက်လာစေရန်၊ ဈေးကွက်အသစ်နှင့် အခွင့်အလမ်းအသစ်များ ကို ဖော်ဆောင်ပေးနိုင်သည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ကဏ္ဍမျိုးစုံတွင် ရင်းနှီးမြှုပ်နှံဆောင်ရွက် နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း နယ်ပယ်ကဏ္ဍစုံတွင် တက်ကြွစွာဖြင့် လိုက်ပါပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ကျပ်-ရူပီး တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ဆောင်ရွက်နေပြီဖြစ်သကဲ့သို့ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုများကိုလည်း လုပ်ဆောင်ပေးလျက်ရှိရာ နှစ်နိုင်ငံလုပ်ငန်းရှင်များ အတွက် အခွင့်အလမ်းကောင်းများနှင့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုစီးပွားရေး ဆွေးနွေးပွဲတွင် အချင်းချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုများမှတစ်ဆင့် အိန္ဒိယနှင့် မြန်မာနိုင်ငံ အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
အဆိုပါစီးပွားရေးဆွေးနွေးပွဲအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်း (IMCC) တို့မှ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီး များ၊ UMFCCI မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ၊ IMCC မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အမေးအဖြေကဏ္ဍတွင် ကုန်သွယ်မှုတွင် လက်ရှိကြုံတွေ့နေရသည့် ကွန်တိန်နာ အခက်အခဲနှင့် သယ်ယူပို့ဆောင်မှုကိစ္စ၊ ပို့ကုန်သွင်းကုန်လိုင်စင်ဆိုင်ရာကိစ္စရပ်များ၊ ဆေးဝါးနှင့် အလှကုန်တင်သွင်းမှုအတွက် FDA မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ၊ လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် Phyto Certificate လျှောက်ထားမှုနှင့် လယ်ယာထွက်ကုန် အရည်အသွေးဆိုင်ရာ ကိစ္စရပ်များ၊ ကျပ်-ရူပီး အသုံးပြုမှုလုပ်ငန်းစဉ်နှင့် ပို့ကုန်ရငွေ (Export Earning) ကိုင်ဆောင် အသုံး ပြုခွင့်ကာလ ကိစ္စရပ်များအား မေးမြန်းဆွေးနွေးခဲ့မှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီထွန်းတို့မှ အသီးသီးဆွေးနွေးဖြေကြားခဲ့ပါသည်။
ထို့နောက် နေ့လယ်ပိုင်းတွင် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။