ကုန်သွယ်မှု ကုစားရေးနည်းလမ်းများ (Trade Remedies) ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားကုန်သွယ်ရေး ဒုဝန်ကြီး Rutri ပြောကြား

အနောက်ဂျာဗာ၊ ဘန်ဒေါင်မြို့တွင် နိုဝင်ဘာလ ၂၈ ရက်နေ့ကပြုလုပ်သော “ကမ္ဘာ့ကုန်သွယ်​ရေး ရှုထောင့်မှ ကုန်သွယ်မှုကုစားရေး နည်းလမ်းများနှင့် ပြည်တွင်းလုပ်ငန်းများ အားကောင်းခိုင်မာရေး” ဆွေးနွေးပွဲတွင် အင်ဒိုနီးရှား၊ ကုန်သွယ်ရေး ဒုတိယဝန်ကြီး Dyah Roro Esti Widya Putri က ပြည်တွင်းဈေးကွက်ကို ကာကွယ်ရန်နှင့် ပို့ကုန်ဈေးကွက်များ အာမခံချက်ရှိစေရန် ကုန်သွယ်မှု ကုစားရေးနည်းလမ်းများ တိုးမြှင့်ကျင့်သုံးရန်၊ အထူးသဖြင့် အထောက်အပံ့ပေးမှုများနှင့် စုပုံ တင်သွင်းမှုအား ဆန့်ကျင်သည့်နည်းလမ်းများ တိုးမြှင့်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြား ခဲ့ပါသည်။

အင်ဒိုနီးရှား၊ ကုန်သွယ်ရေး ဒုတိယဝန်ကြီးက အထောက်အပံ့ရယူပြီး ထုတ်လုပ်ထားသည့် ကုန်စည်များ လျော့ဈေးဖြင့် ပြည်တွင်းသို့ လှိမ့်ဝင်လာခြင်းသည် နိုင်ငံတကာကုန်သွယ်မှုတွင် မမျှတမှုဖြစ်စေပြီး ပြည်တွင်းလုပ်ငန်းများကို ထိခိုက်သောကြောင့် အကာအကွယ်ပေးရန် လိုအပ် ကြောင်း၊ အစိုးရအနေဖြင့် ထုတ်လုပ်မှုကွင်းဆက်တလျှောက် (Upstream and Downstream) ထုတ်လုပ်သူများနှင့် စားသုံးသူများအကြား ဟန်ချက်ညီရေး၊ နိုင်ငံ့စီးပွားရေးအပေါ် အကျိုးသက် ရောက်မှု၊ ကုန်သွယ်ဘက်နိုင်ငံများနှင့် ဆက်ဆံမှုအခြေအနေများကို ပေါ်လွင်အောင် သုံးသပ် ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းအများစုသည် အထူးဂရုစိုက်ရမည့် အနေအထားတွင် ရှိနေကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွက် အင်ဒိုနီးရှား၏ကုန်ထုတ်လုပ်မှု ဝယ်လိုအား ညွှန်းကိန်း (Purchasing Manufacturing Index-PMI) သည် ၄၉.၂ တွင် ရပ်တန့်နေပြီး အဆိုပါ ရပ်တန့်မှုသည် ၄ လဆက်တိုက် ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

အထောက်အပံ့ရယူပြီး လျော့ဈေးဖြင့်ရောင်းချသည့် နိုင်ငံအများအပြားမှကုန်စည်များ အင်ဒိုနီးရှား သို့ ဝင်ရောက်လာသလို အင်ဒိုနီးရှားကိုလည်း အထောက်အပံ့ပေးပြီး လျော့ဈေးဖြင့် ရောင်းချ သည်ဟု စွပ်စွဲမှုများရှိရာ ပို့ကုန်ဦးစားပေး ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အဟန့်အတား တစ်ခုဖြစ်ကြောင်း၊ အင်ဒိုနီးရှားသည်ကမ္ဘာနှင့်အဝှမ်း စီးပွားရေးရပ်တန့်နေမှု၊ ပထဝီနိုင်ငံရေး တင်းမာမှုများနှင့် ဒေသတွင်းပဋိပက္ခများကို ခိုင်မာသော စီးပွားရေးမူဝါဒများဖြင့် ကြံ့ကြံ့ခံကာ စီးပွားရေးတိုးတက်လျှက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ တတိယသုံးလပတ်အတွက် နိုင်ငံ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၄.၉ % ရှိပြီး နှစ်ကုန်ပိုင်းတွင် ၅ % အထိ ရောက်ရှိရန် မျှော်မှန်းထား ကြောင်း၊ နိုင်ငံ၏ကုန်သွယ်မှုပိုငွေသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက အမေရိကန်ဒေါ်လာ ၂.၇၈ သန်း ရှိခဲ့သော်လည်း စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၃.၂၆ သန်း ထိ မြင့်တက်ခဲ့ကြောင်း  ဒုတိယဝန်ကြီးက မှတ်ချက်ပြုခဲ့သည်ကို အင်ဒိုနီးရှားသတင်းစာ Antara ၌ ဖော်ပြထားပါသည်။

ရင်းမြစ်။ The Antara