VALIDATION WORKSHOP FOR THE MISP and ACAP 2030 တက်ရောက်ခြင်း

စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်း အမှုကိစ္စများဆိုင်ရာ လမ်းညွှန်ချက်များအတွက် အာဆီယံသတင်းအချက်အလက် ပေါ်တယ်လ်နှင့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာလုပ်ငန်းစီမံချက် (ACAP) ၂၀၃၀ ရေးဆွဲမှုရလဒ်များအပေါ် ဆွေးနွေးအတည်ပြုမည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မလေးရှားယှဉ်ပြိုင်မှုကော်မရှင် CEO ဖြစ်သူ Mr.Iskandar Ismail နှင့် ၂၀၂၄ ခုနှစ်၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် Mr. Raksagecha Chaechai တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ (AEGC)    ဝက်ဘ်ဆိုဒ်၏ စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်း အမှုကိစ္စများဆိုင်ရာ လမ်းညွှန်ချက်များအတွက် အာဆီယံသတင်းအချက်အလက် ပေါ်တယ်လ်တွင် ထည့်သွင်း မည့် အချက်အလက်များ၊ တင်ပြမည့်ပုံစံနှင့် အချက်အလက်များ ရယူနိုင်မည့်ပုံစံတို့နှင့်စပ်လျဉ်း၍ အတည်ပြုဆွေးနွေးသွားရန်နှင့် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းစီမံချက် (ACAP) ၂၀၃၀ တွင် ထည့်သွင်းမည့် မဟာဗျူဟာဆောင်ရွက်မှုများကို အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ဖော်ထုတ်နိုင်ရေး အသေးစိတ်ဆွေးနွေးသွားရန် ဖြစ်ပါသည်။

            အလုပ်ရုံဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဩစတြေးလျ ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာကော်မရှင်  (Australia Competition and Consumer Commission – ACCC) မှ ယှဉ်ပြိုင်မှုဆိုင်ရာ ကျွမ်းကျင်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာသုတအောင်နှင့် ဦးဇေယျသူရမွန်တို့က တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။