အယ်နီညို နောက်ဆက်တွဲကြောင့် ပြောင်းပြတ်လပ်မှုနှင့် တွေ့ကြုံရတော့မည့် ဇမ်ဘီယာနိုင်ငံ
အမေရိကန် စိုက်ပျိုးရေးဌာန၊ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာနမှ ထုတ်ဝေသော အစီရင်ခံစာအရ ဇမ်ဘီယာသည် အယ်လ်နီညိုနောက်ဆက်တွဲ ခြောက်သွေ့သောရာသီဥတု ဆက်လက်ဖြစ်ပေါ်မှုကြောင့် နိုင်ငံ၏ အဓိကကောက်ပဲသီးနှံထုတ်လုပ်မှု ၅၀ % ကျဆင်းခဲ့ပြီး စားနပ်ရိက္ခာဖူလုံမှုကို ထိန်းသိမ်းရန်အတွက် ၂၀၂၄-၂၀၂၅ ဈေးကွက်နှစ်တွင် ပြောင်းတန်ချိန် ၁ သန်းခန့် တင်သွင်းနိုင်ကြောင်း သိရှိရသည်။
ပြည်တွင်းပြောင်းဈေး တက်လာမှုကြောင့် ၂၀၂၄-၂၀၂၅ ခုနှစ်အစတွင် ပဲပုပ်အစား ပြောင်းစိုက်ဧရိယာ ကို ၂၀ % တိုးချဲ့စိုက်ပျိုးခဲ့သော်လည်း ပြောင်း သီး/ပွင့်သည့် အချိန်တွင် ကြာမြင့်နေပြီဖြစ်သော ရာသီဥတုခြောက်သွေ့မှုနှင့် တိုက်ဆိုင်နေခြင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလသည် ၁၉၈၁ ခုနှစ်မှစ၍ အခြောက်သွေ့ဆုံးနှင့် အပူဆုံးလဖြစ်ခြင်းတို့ကြောင့် ဇမ်ဘီယာဒေသအများအပြားတွင် သီးနှံထုတ်လုပ်မှုများ ကျဆင်းခဲ့ရပါသည်။ ခန့်မှန်းအထွက်နှုန်း ပြောင်းတန်ချိန် ၁.၆ သန်းကလည်း လွန်ခဲ့သော ၁၅ နှစ် အတွင်း အနည်းဆုံးထွက်ရှိမှုဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။
အာဖရိကတောင်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် ဇမ်ဘီယာတွင် ပြောင်းသည် “ nshima ” ဟုခေါ်သည့် ဂျုံယာဂုပုံစံဖြင့် စားသောက်သည့် အဓိကစားနပ်ရိက္ခာဖြစ်ကြောင်း၊ ဇမ်ဘီယာ လူဦးရေ သန်း ၂၀ ခန့်၏ ကယ်လိုရီလိုအပ်ချက်၏ ၆၀ % ကို ထောက်ပံ့ပေးသည့် အရေးအကြီးဆုံးသီးနှံဖြစ်ကြောင်း၊ ပြောင်းစိုက်ပျိုးသည့်တောင်သူများမှာ စိုက်ပျိုးရေးနည်းပညာများနှင့် အလှမ်းဝေးသော အငယ်စားလုပ်ငန်းရှင်များဖြစ်ကြောင်း၊ ထို့ကြောင့် ပြောင်းထွက်ရှိမှု အများစုမှာ မိုးရွာသွန်းမှုအပေါ် မှီခိုနေကြောင်း ပြည်ပ စိုက်ပျိုးရေးဝန်ဆောင်မှုဌာနမှ ပြောကြားခဲ့သည်။
ဇမ်ဘီယာ၏ ပြောင်းစိုက်ဧက ဟက်တာ ၁ သန်းခန့်မှာ မိုးခေါင်မှုကြောင့် ပျက်စီးခဲ့သဖြင့် သမ္မတက " အမျိုးသား သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေ " ကြေငြာခဲ့ရသည်။ သို့သော် အရန်စားနပ်ရိက္ခာ ပြောင်းတန်ချိန် ၅၀၀,၀၀၀ ခန့်ရှိသော်လည်း အစိုးရက ပုဂ္ဂလိကကဏ္ဍအား မျိုးရိုးဗီဇပြုပြင် မွမ်းမံထားခြင်းမရှိသော အဖြူရောင်နှင့် အဝါရောင်ပြောင်းတင်သွင်းခွင့်ကို ၂၀၂၄ ခုနှစ်၊ ဧပြီမှ စ၍ ခွင့်ပြုထားပါသည်။
မျိုးရိုးဗီဇပြုပြင် မွမ်းမံထားခြင်းမရှိသော ပြောင်းတင်သွင်းရန် ဇမ်ဘီယာ၏ သတ်မှတ်ချက်သည် အိမ်နီးချင်း တန်ဇန်းနီးယားသို့ ဇမ်ဘီယာပြောင်းတင်သွင်းမှုအား ကန့်သတ်ထားခြင်းဖြစ်ပြီး အကြောင်းမှာ တန်ဇန်းနီးယားသည် ပြောင်းစိုက်ပျိုးမှု ၈၅ % ကျော်ကို မျိုးဗီဇပြုပြင်ထားသော မျိုးစေ့များဖြင့် စိုက်ပျိုးထားသည့် တောင်အာဖရိက မှ ပြောင်းတင်သွင်းမှုများကို လက်မခံသောကြောင့် ဖြစ်ပါသည်။
Source: https://www.world-grain.com/
WTO ဌာနခွဲ
ကုန်သွယ်ရေးဦးစီးဌာန