ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့တွင်၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၀၇) ကြိမ်မြောက်အာဆီယံ၀န်ဆောင်မှုညှိနှိုင်းရေးကော်မတီ (107th CCS) အစည်းအဝေးသို့ ပါဝင်တက်ရောက်ခြင်း

Fri, 06/07/2024 - 06:49 -- regionaldep

     (၁၀၇) ကြိမ်မြောက် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ (Coordinating Committee on Services – 107th CCS) အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း ကိုယ်စားလှယ် (၃) ဦး အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက် ဆွေးနွေးလျက်ရှိပါသည်။

    အဆိုပါအစည်းအဝေးတွင် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်ဆက်စပ်သည့် သဘောတူညီချက်များ၏ အတည်ပြုလုပ်ငန်းစဉ်ဆောင်ရွက်မှုအခြေအနေများ၊ ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာဖြေလျှော့မှုများ၊ အာဆီယံလူပုဂ္ဂိုလ်များရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သဘောတူညီချက်နှင့် ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏လုပ်ငန်းအစီအစဉ်တို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ဘဏ္ဍာရေးနှင့်လေကြောင်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍအလိုက်လုပ်ငန်း အဖွဲ့များ၏ အစီရင်ခံစာများတင်ပြခြင်း၊ အာဆီယံဝန်ဆောင်မှုများအတွက် ERIA နှင့် OECD အဖွဲ့အစည်းများ၏ လေ့လာသုံးသပ်ချက်များကို ဆွေးနွေးတင်ပြခြင်းတို့လည်း  ပါဝင်ပါသည်။