စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

Fri, 10/20/2023 - 05:01 -- ipICTdep

နေပြည်တော်၊  အောက်တိုဘာလ ၁၈

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ စုစုပေါင်း ( ၁၅၀ ) ဦးခန့်  တက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ မူပိုင်ခွင့်ဥပဒေများအား ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်မည့် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လျက်ရှိရာ ယခုဆွေးနွေးပွဲသည် တတိယအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အာဏာသက်ဝင်မည်ဖြစ်သည့်အတွက် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို သိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါကြောင်း၊ အသိပညာပေးဆွေးနွေးပွဲကို တက်ရောက်ခြင်းဖြင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်များ၏ အခွင့်အရေးများ၊ စာပေနှင့်အနုပညာလက်ရာများကိုအသုံးပြုရာတွင် မူပိုင်ခွင့်ပိုင်ရှင်၏ ခွင့်ပြုချက်နှင့် အခကြေးငွေ ပေးရန်မလိုဘဲ ကန့်သတ်ချက်၊ ကင်းလွတ်ချက်ဖြင့် အသုံးပြုနိုင်မည့်အခြေအနေများ၊ မူပိုင်ခွင့်ချိုးဖောက်သည့် အပြုအမူများကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို သိရှိနားလည်၍ လိုက်နာကျင့်သုံးကြရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် အသိပညာပေးဆွေးနွေးပွဲ သို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။