စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

   စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၇ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနှင်းနွယ်အေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

   အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် အာဏာသက်ဝင် မည်ဖြစ်သည့်အတွက် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကို သိရှိနားလည်ပြီး ဥပဒေပါပြဋ္ဌာန်းချက် များအတိုင်း လိုက်နာကျင့်သုံးနိုင်စေရန် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုရှိလာပါက မှတ်ပုံတင်ထားခြင်းဖြင့်  အခွင့်အရေးပိုင်ရှင်များအတွက် ခိုင်လုံသောသက်သေအထောက် အထားဖြစ်စေမည်ဖြစ်ပါကြောင်း၊ ဖန်တီးသူလက်ရာရှင်များနှင့် ပြည်သူများအား စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဌာနခွဲမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်းများအပေါ် ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါသည်။

   ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာ၌ စာပေနှင့်အနုပညာကဏ္ဍသည် နိုင်ငံအတွက်အရေးကြီးသည့် ကဏ္ဍတစ်ရပ်တွင် ပါဝင်ပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ အကောင်အထည်ဖော်နိုင်ရေးအတွက် နည်းဥပဒေ (၂)ရပ်အား ရေးဆွဲလျက်ရှိပြီး မကြာမီကာလအတွင်း ပြဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများကို ရရှိနိုင်ရေးအတွက် အသိပညာဗဟုသုတမျှဝေခြင်းဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဥပဒေ၏ အဓိကရည်ရွယ်ချက်သည်လည်း စီးပွားရေးဂေဟစနစ် ဖွံဖြိုးတိုးတက်စေရေး ပြည်စုံကောင်းမွန်သော မူပိုင်ခွင့်စနစ် တည်ဆောက်ရန် ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာ အခြေခံအုတ်မြစ်များဖြစ်သည့် မူပိုင်ခွင့်ဥပဒေ(၄)ရပ်၊ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၊ မူပို်ငခွင့်ဆိုင်ရာအေဂျင်စီများကို ဖွဲ့စည်းပြီးဖြစ်သည့်အပြင် လိုအပ်သည့် နည်းဥပဒေများလည်း မကြာမီပြဋ္ဌာန်းနိုင်မည်ဖြစ်သည့်အတွက် မူပိုင်ခွင့်ဥပဒေများ အကောင်အထည်ဖော်ရန်  လိုအပ်သော အခြေခံပြည့်စုံမှုရှိနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မူပို်ငခွင့်ဆိုင်ရာ အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းလိုပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။