“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်” ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်ခြင်း
“အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာမူဘောင်သဘောတူစာချုပ်” ပထမအကြိမ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ယှဉ်ပြိုင်မှုကော်မရှင်ရုံးမှ ဘာသာရပ်တာဝန်ခံအရာထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးပွးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးမှုအတွက် ဥက္ကဋ္ဌတာဝန်ယူထားသော Mr. Benjamin E. Radoc Jr. က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လာမည့်နှစ်များတွင်ကြုံတွေ့လာနိုင်မည့် ယှဉ်ပြိုင်မှုဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်နှင့် ဒေသတွင်း စျေးကွက်ယှဉ်ပြိုင်မှုကိုမြှင့်တင်နိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ကတိကဝတ်အဖြစ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ရေးဆွဲရခြင်းဖြစ်ပါသည်။
အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို ၂၀၂၄ ခုနှစ်မကုန်မီ အပြီးသတ်ရေးဆွဲ အတည်ပြု၍ အကောင်အထည်ဖော်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိပါသည်။