ဆန်အရည်အသွေးနှင့် ပြည်ပတင်ပို့ရေး၏ အနာဂတ်

       ဆန်ဆိုလျှင် စားစရာအဖြစ် လူတိုင်းသိရှိထားသော်လည်း စားစရာအဖြစ်နှင့်ထိုက်တန်အောင် ထားပါ၏လောဟု မေးချင်ပါသည်။ ဤမေးခွန်းကို မေးချင်သည်မှာ ကြာပါပြီ။ စားစရာဆန်ဆိုသော်လည်း စပါးသိုလှောင်ရုံများ၊ ဆန်စက်များ၊ ဆန်သိုလှောင်ရုံများကို သွားရောက်ကြည့်လျှင် နေရာအများအပြားတွင် စားစရာဟူသော အဆင့်မျိုးဟု မထင်ရအောင် ဆောင်ရွက်နေမှုများကို တွေ့နေရဆဲ ဖြစ်သည်။ စားစရာဟူသော ဆန်ကို အခြားသော အဖိုး တန်မုန့်၊ အဖိုးတန်စားစရာ၊ အဖိုးတန် အသုံးအဆောင်များကဲ့သို့ ထားသို သင့်သည်ဟူသော အယူအဆသည် မြန်မာနိုင်ငံရှိ စားစရာဆန်ကို စပါးစိုက်ပျိုးသည်မှ ဆန်ဖြစ်သည်အထိ၊ ထမင်းဖြစ်သည်အထိ ပါဝင် ပတ်သက်နေသူ အားလုံးသည် အဖိုးတန် လက်ဝတ်ရတနာတစ်မျိုး၊ အဖိုးတန် စားစရာတစ်မျိုးအဖြစ် သဘောထားပြီး  ထိတွေ့ကိုင်တွယ် ကြရန် အထူးလိုအပ်ပါသည်။
ကမ္ဘာ့ဆန် တင်သွင်းမှုများ
        ၂၀၁၈ခုနှစ် အတွက် ကမ္ဘာတွင် ဆန်အများဆုံး တင်သွင်းသော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး စုစုပေါင်း ဆန်တင်သွင်းမှု၏ ၆ ဒသမ ၅ ရာခိုင်နှုန်း(တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) ရှိပါသည်။ အစဉ် လိုက်အားဖြင့် ဒုတိယ အီရန် မှာ ၄ ဒသမ ၉ ရာခိုင် နှုန်း(အမေရိကန် ၁ ဒသမ ၂၁ ဘီလီယံ)၊  အမှတ် (၃) မှာဆော်ဒီအာရေ ဗီးယားဖြစ်ပြီး ၄ ဒသမ ၉ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ)၊ အမှတ် (၄)မှာ အင်ဒိုနီးရှားဖြစ်ပြီး ၄ ဒသမ ၂ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၁ ဘီလီယံ)၊ အမှတ် (၅) မှာ အမေရိကန်ပြည် ထောင်စုဖြစ်ပြီး ၃ ဒသမ ၉ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၉၅၉ ဒသမ ၅ သန်း)၊ အမှတ် (၆)မှာ ဘီနင်ဖြစ်ပြီး ၃ ဒသမ ၈ ရာခိုင်နှုန်း(အမေရိကန် ဒေါ်လာ ၉၃၀ ဒသမ ၅ သန်း)၊ အမှတ် (၇)မှာ ဖိလစ်ပိုင်ဖြစ်ပြီး ၃ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၇၃၆ ဒသမ ၆ သန်း)၊ အမှတ်(၈)မှာ အိုင်ဗရီကို့စ်ဖြစ်ပြီး ၂ ဒသမ ၈ ရာခိုင်နှုန်း( အမေရိကန်ေ ဒါ်လာ ၆၈၈ ဒသမ ၉ သန်း)၊ အမှတ်(၉)မှာ ယူအေအီးဖြစ်ပြီး ၂ ဒသမ ၈ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၆၈၂ ဒသမ ၄ သန်း)၊ အမှတ် (၁၀)မှာ အီရတ်ဖြစ်၍ ၂ ဒသမ ၇ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၆၆၉ သန်း)၊ အမှတ် (၁၁) မှာ ပြင်သစ်ဖြစ်ပြီး၂ ဒသမ ၁ ရာခိုင်နှုန်း (အမေရိ ကန်ဒေါ်လာ ၅၂၂ ဒသမ ၅ သန်း)၊ အမှတ်စဉ် (၁၂)အဖြစ် တောင် အာဖရိကမှာလည်း ၂ ဒသမ ၁ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၅၁၈ ဒသမ ၈ ရာခိုင်နှုန်း)၊ အမှတ်စဉ် (၁၃) ဖြစ်သော ဂျပန်မှာ ၂ ရာခိုင်နှုန်း(အမေရိကန်ဒေါ်လာ ၄၉၄ ဒသမ ၅ သန်း)၊ အမှတ်စဉ်(၁၄) ဖြစ်သော အင်္ဂလန်မှာ ၁ ဒသမ ၉ ရာခိုင်နှုန်း (အမေရိကန် ဒေါ်လာ ၄၈၀သန်း)နှင့် အမှတ်စဉ် (၁၅)အဖြစ် ဂါနာနိုင်ငံမှာ ၁ ဒသမ ၈ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၉ သန်းဖိုး) စသဖြင့် အသီးသီး  တင်သွင်းကြကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်တွင် အဆိုပါ ၁၅ နိုင်ငံ ၏ ဆန်တင်သွင်းမှုမှာ ကမ္ဘာ့ဆန်တင်သွင်းမှု စုစုပေါင်း၏ ၄၉ ရာခိုင် နှုန်းရှိေ ကြာင်း သိရသည်။
ဆန်တင်ပို့  နိုင်ငံများ
          ဆန်တင်ပို့နိုင်ငံများမှာ ထိပ်တန်းတွင် ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် နံပါတ် တစ်၊နှစ်၊ သုံး စသဖြင့် နေရာသာ ပြောင်းလဲသွားသော်လည်း အမြဲတမ်း ပင် ထိပ်တန်းမှ ဆန်တင်ပို့လျက်ရှိကြသည်။ ၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ဆန်တင်ပို့မှုတွင် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံ၊ အရေအတွက် စုစုပေါင်း၏ ၃၀ ဒသမ၁ ရာခိုင်နှုန်းဖြင့် အဆင့်တစ်နေ ရာကို ရရှိခဲ့ပြီး၊ ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၅ဒသမ၆ဘီလီယံ၊ ၂၂ ဒသမ ၇ ရာခိုင်နှုန်း ဝေစု ရရှိခဲ့သည်။ ဗီယက်နမ်သည် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ၂ ဘီလီယံဖြင့် ကမ္ဘာ့ဝေစု ၉ရာခိုင်နှုန်း ရရှိခဲ့သည်။ ပါကစ္စတန်မှာ အမေရိကန်ဒေါ်လာ  ၂ ဘီလီယံကို ဆန်တင်ပို့မှုမှ ရရှိခဲ့ပြီး ကမ္ဘာ့ဝေစု ၈ ဒသမ ၂ ရာခိုင်နှုန်းရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စုမှာ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံဝင်ငွေရရှိခဲ့ပြီး ကမ္ဘာ့ဝေစု ၆ ဒသမ ၉ ရာခိုင်နှုန်းရရှိခဲ့သည်။ တရုတ်နိုင်ငံမှာ ဒေါ်လာ ၈၈၇ သန်းဖြင့် ကမ္ဘာ့ ဝေစု ၃ ဒသမ ၆ ရာခိုင်နှုန်းရရှိခဲ့သည်ဟု သိရသည်။ အဆိုပါနိုင်ငံများ နောက်တွင် အီတလီ၊ ဘရာဇီး၊ ဥရုဂွေး၊ ကမ္ဘောဒီးယား၊ မြန်မာ၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ သြစတြေးလျ၊ ပါရာဂွေး၊ စပိန်၊ အာဂျင် တီးနား၊ ဂူယာနာ၊ ဂျာမနီနှင့် မက္ကဆီကိုတို့ ပါဝင်ကြကြောင်းသိရသည်။  ကမ္ဘာ့ဆန်တင်ပို့မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅ ဘီလီယံအထိ ၂၀၁၈ ခုနှစ်တွင်ရှိကြောင်း သိရသည်။ ဆန် တင်ပို့သော နိုင်ငံအများစုမှာအာရှတိုက် နိုင်ငံများဖြစ်ပြီး တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၁ ဘီလီယံအထိရှိကြောင်း သိရ ပါသည်။ ကမ္ဘာ့ဝေစု၏ ၇၇ ဒသမ ၈ ရာခိုင်နှုန်း အထိရှိသည်။ မြောက် အမေရိကတိုက် ဆန်တင်ပို့သူများသည် ကမ္ဘာ့ဈေးကွက်၏ ၇ ဒသမ ၂ ရာခိုင်နှုန်းကိုသာ ရရှိထားသည်။ ဥရောပနိုင်ငံများမှာ ကမ္ဘာ့ဈေး ကွက်၏ ၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ သို့ဖြစ်၍ ကမ္ဘာ့ ဆန်တင်ပို့သည့်  ထိပ်တန်းနိုင်ငံများမှာ  အာရှတိုက်တွင် ရှိသည်ဟု ဆိုနိုင်သည်။
မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှု
         မြန်မာနိုင်ငံသည် ယခင်က ဆန်တင်ပို့မှုတွင် ထိပ်တန်းမှ ပါဝင်သော်လည်း နောက်ပိုင်းတွင် ဆန်တင်ပို့မှုနည်းပါးပြီး နှစ်စဉ် ပြည်ပတင်ပို့မှုမှာ အနည်းငယ်သာရှိခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ဆန်ပြည်ပတင်ပို့မှု  တိုးတက်လာပြီး တန်ချိန် တစ်သန်းကျော်ထိ ရောက်ရှိလာသည်။ သို့ရာတွင် တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်မှုမှ တင်ပို့မှုမှာ ၅၀ ရာခိုင်နှုန်းခန့်  ပါဝင်လျက်ရှိသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်တင်ပို့မှုမှာ တန်ချိန် ၃ ဒသမ ၅၈ သန်းအထိရောက် ရှိခဲ့ပြီး ဆန်တင်ပို့နိုင်မှု သမိုင်းတွင် နှစ်ပေါင်း ၇၀အတွင်း အများဆုံး အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ သို့ရာတွင် အဆိုပါ နှစ်တွင်လည်း  ဆန် တန်ချိန် ၁  ဒသမ၈ သန်းအထိ တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်မှုမှ တစ်ဆင့် တင်ပို့မှု ပါဝင်လျက်ရှိသည်။ လက်ရှိနှစ်တွင် တရုတ်နိုင်ငံ ဘက် နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် တရားမဝင် တင်သွင်းသည့် အနေအထားကို လက်ခံခြင်းမပြုဘဲ ဖမ်းဆီးမှုများ ဆောင်ရွက်သဖြင့် နယ်စပ်မှ ဆန် တင်ပို့မှု လျော့ကျလာခဲ့သည်။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ ယခုနှစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် (၁-၁၀-၂၀၁၈မှ ၁၄-၆-၂၀၁၉ထိ) ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၆၈ သန်း သာတင်ပို့ခဲ့သည်။ ယခင်နှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှ စ်တွင် ကာလတူဆန်တင်ပို့မှုမှာ ဆန်တန်ချိန်  ၂ ဒသမ ၅၃ သန်းရှိသည်။ ဆန်တင်ပို့မှုကျဆင်းသွား သည်မှာ အဓိကအားဖြင့် တရုတ်နိုင်ငံသို့ နယ်စပ်မှ ဆန်တင်ပို့ရန် အခက်အခဲ ဖြစ်ပေါ်နေသဖြင့် တရားဝင်လမ်းကြောင်းမှ ပိုမိုတင်ပို့နိုင် ရန် ကြိုးပမ်းလာရသည်။
 

ဆန်စက်များ၏ ကဏ္ဍ
       ဆန်စပါး ဆိုသည်နှင့် ဆန်စက်များ၏ အခန်းကဏ္ဍသည် မပါလျှင် မပြီးဘဲပါဝင်လာရသည်။ ဆန်အရည်အသွေးကောင်းရစေရန် ဆန်စက်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။ ဆန်စက်များ ကောင်းမွန်မှု မရှိလျှင် ဆန်ကောင်းကိုလည်း တွက်ခြေကိုက်စွာရ ရှိနိုင်မည် မဟုတ်ပါ။ အခြားနိုင်ငံများ၏ ဆန်စက်များကို လေ့လာခဲ့ရာ တွင် မြန်မာနိုင်ငံ၏ ဆန်စက်များထက် များစွာ အဆင့် မြင့်မားနေကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံဆန်စက် သမိုင်းကိုပြန်လေ့လာ ကြည့်လျှင် ရှေး ယခင်က ဆန်စက်များသည် စပါးအများဆုံးထွက်သည့် ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူး၊ ရန်ကုန် ဒေသများတွင်သာ အများအပြားရှိခဲ့ကြသည်။ ဘွိုင်လာဆန်စက်ကြီးများဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ဆန် စက်ပေါင်း သောင်းချီရှိသည်။ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များ အသင်း၏ ၂၀၁၃ ခုနှစ်စာရင်းများအရ မြန်မာတစ်နိုင်ငံလုံးတွင် တစ် ရက်လျှင် ဆန် ၁၅ တန် အောက်သာကြိတ်နိုင်သော ဆန်စက်ငယ် များမှာ ၁၅၄၇၂ စက်ရှိပြီး ၁၅ တန်အထက် ထွက်အောင်ကြိတ်နိုင်သော ဆန်စက်များမှာ ၁၃၆၂ စက်ရှိကြောင်းသိရသည်။ ၁၅ တန်အထက် ကြိတ်ခွဲအားရှိသော ဆန်စက်များတွင်  ပြည်ပသို့ တင်ပို့နိုင်သော ဆန်အဆင့်မျိုး ကြိတ် ခွဲနိုင်သောစာရင်းမှာ မြန်မာတစ်နိုင်ငံလုံးတွင် စက် ပေါင်း ၃၂၉ စက်သာပါဝင်သည်။ ကြိတ်ခွဲနိုင်သော အင်အားမှာ တစ် ရက်လျှင်  ဆန်တန်ချိန် မှာ ၁၂၃၀၄ တန်သာရှိသည်ဟုဆိုသည်။ အဆိုပါစာရင်းအရဆိုပါက မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့ရန် တစ်နှစ် လျှင် ကြိတ်ခွဲနိုင်မည့်ရက်ကို ရက်၂၀၀ ဖြင့် တွက်ပါက ၂၄၆၀၈၀၀ ခန့်သာ ကြိတ်ခွဲနိုင်မည့် အခြေအနေဖြစ်သည်။ ၂၀၁၇-၂၀၁၈ ခုနှစ် တွင် ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် တင်ပို့ခဲ့သဖြင့် ထို အချိန် စက်ကြိတ်အင်အားမှာ တစ်ရက်လျှင် တန်ချိန် ၁၅၀၀၀ ခန့်ရှိမည်ဟုခန့်မှန်းနိုင်သည်။ အထက်ပါစာရင်းအရ ဆန်စက်အများစုမှာ ငါးပုံ ဟာလာစက်ထက် အနည်းငယ်မျှသာ အဆင့်မြင့်သော ဆန်စက်များ သာဖြစ်ကြသည်။ ယခုနောက်ပိုင်း ဆန် စက်များ တွင် ပြည်ပတင်ပို့ရန်၊ အဆင့်မြင့်ဆန်များကြိတ်ဖွပ်နိုင်ရန် Wet polisher ဆန်ဖြူအရောင် တင်စက်၊ ကာလာဆော့တာ (Color Sorter)နှင့် အခြားကိရိယာများ တပ်ဆင်လာကြသည်။ သို့ရာတွင် အရေအတွက်အားဖြင့်များပြား ခြင်းမရှိသေးပါ။ စနစ်တကျ တပ်ဆင်ခြင်းမျိုးလည်းဖြစ်ရန် လိုနေသေးသည်ဟုထင်သည်။ အဆိုပါခေတ်မီစက်များကို ကွန်ပျူတာဖြင့်ထိန်းသိမ်းသည့်စနစ်မျိုး၊ သီးသန့် ထားရှိနိုင်သည့်စနစ်မျိုး လည်း လိုအပ်သည်။

ဆန်စက်များနှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေး
        ဆန်သည် စားစရာဖြစ်သော်လည်း မြန်မာလူမျိုးများ၏စိတ်တွင် ထမင်းအိုးအတွင်းရောက်မှသာ စားစရာအဖြစ် မြင် သလားဟုပင် မေးချင်မိပါသည်။ ဆန်စက်အတွင်းသွားကြည့်လျှင် ထောင်းထောင်းထနေသော ဖုန်မှုန့် များ၊ ဖုန်အလိမ်းလိမ်း ကပ်လျက်ရှိသော ပိုးမျှင်များ၊ ကြည့်ရုံနှင့်ပင် ကာလကြာရှည်သန့်ရှင်းမှု တစ်စုံတစ်ရာမလုပ်ထားသော ကြမ်းခင်းများ၊ ဖိနပ်စီးပြီး ဆန်အိတ်များကို လှေကားသဖွယ်ဆင့်၍ ဆန်အိတ်ကို နင်းကြမ်းလုပ်ထား သည်များ၊ ဆန်များကို ကြမ်းပေါ်ချပြီး ရောနှော မွှေနှောက်နေသည်များ၊ အဆိုပါဆန်ပုံပေါ်တွင် ထိုင်၍ ဆန်ရွေးနေသည်များ၊  မလှမ်းမကမ်းတွင်  ကွမ်းတံတွေး ထွေးထားသည်များ စသည့် အကြောင်းများအားလုံးသည် စားစ ရာအဖြစ်  သဘောမထားသည်ကိုပြနေကြောင်း၊ တစ်နည်းအားဖြင့် စားနပ် ရိက္ခာဘေးကင်း လုံခြုံရေးဆိုသော ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များနှင့် ဆန့်ကျင်နေသည်ကို တွေ့နိုင်ပါသည်။ ထို့ပြင် ဆန်စက်အတွင်းတွင်ဖြစ်စေ၊ ဆန်စက်နှင့်တွဲလျက် သိုလှောင်ရုံများတွင်ဖြစ်စေ၊ အခြား သိုလှောင်ရုံများတွင်ဖြစ်စေ ကုန်ကြမ်းဖြစ်သော စပါးနှင့် ကုန်ချောဖြစ်သော ဆန်ကို သီးခြားစီမထားဘဲ ကပ်လျက်ထားတတ်ကြသည်။ အထူးသဖြင့် စပါးများကို အိတ် မသွတ်ဘဲ အလွတ်ထားလေ့ရှိပြီး ဆန်အိတ်များနှင့် တွဲလျက်သိုလှောင်တတ်ကြပါသည်။ ထို့ပြင် ဆန်ကွဲနှင့် ဖွဲနုကဲ့သို့ ဘေးထွက်ပစ္စည်းဖြစ်သော်လည်း ရောင်းချ တင်ပို့နိုင်သည့် ပစ္စည်းများကိုလည်း စနစ်တကျ  မထားတတ်ဘဲ ပိုးများ၊ အမှိုက်သရိုက်များနှင့်မဝေးကွာဘဲထားတတ်ကြသည်။  အဆိုပါအချက်များမှာ မလုပ်သင့်သော အချက်များအဖြစ် ဆန်စက်ပိုင်ရှင် များက သဘောထားပြီး အလေ့အကျင့်ကောင်းများကို မိမိတို့ဆန်စက်တွင် မွေးမြူရန် လိုအပ်လာပြီဖြစ်ကြောင်း သတိပေးလိုပါ သည်။ ကျွန်တော်တို့ ဆန်စက်များသည် ဆန်ထွက်နှုန်းကောင်းရန်၊ ဆန်များများကျရန်၊ ဆန်ကောင်းဆန်သန့် ထုတ်လုပ်နိုင်ရန် အပြင် စားနပ်ရိက္ခာဘေးကင်း လုံခြုံမှုဟူသော စားစရာ ဆန်ကို ကျန်းမာရေးရှုထောင့်ကပါကြည့်ပြီး ပြည်တွင်း၊ ပြည်ပ စားသုံး သူများအတွက် ထုတ်လုပ်ကြပါစို့ဟု တိုက်တွန်းလိုက်ပါသည်။

မြန်မာ့ဆန်အနာဂတ်
       မြန်မာ့အမျိုးသားပို့ကုန်မဟာဗျူဟာ National Export Strategy- NES  ကို ၂၀၂၀-၂၀၂၅ အတွက် ပြန်လည်ရေးဆွဲ လျက်ရှိသည်။ အဆိုပါ မဟာဗျူဟာတွင် ဆန်စပါးကို ဦးစားပေးကဏ္ဍအဖြစ် ဆက်လက်ထည့်သွင်းရန် ရှိပြီး ဆန်စပါး တင်ပို့မှု တိုးတက်ရေးအတွက် မဟာဗျူဟာများတွင် ပြည်ပအကူအညီများရရှိရေး၊ စပါးမှစပြီး ဆန်ဖြစ်သည်အထိ Value Chain တစ်ခုလုံးတိုးတက်ရေးတို့အတွက် ဆောင်ရွက်နိုင်ရန် လိုအပ်သည်။ ဆန်ကို လက် ရှိပြည်ပတင်ပို့နေရသည့် ဈေးပေါပေါဖြင့်ရောင်းချနေရသည်ကို ဈေးကောင်းရရှိစေရန် ပြုပြင်ဆောင်ရွက်ခြင်း၊ အရည်အသွေးကောင်း ဆန်များ ထုတ်လုပ်နိုင်ရန်ဆောင်ရွက်ခြင်း၊ပြည်ပတင်ပို့သော ဈေးကွက်များတိုးတက် များြ ပားလာစေရန် ဆောင်ရွက်ခြင်း၊ ပြည်ပတင်ပို့သည့် Rice Exporters များတွင် တစ်နှစ်လျှင်ဆန်တန်ချိန် တစ်သိန်း အထက်တင်ပို့နိုင်သူများများပြားလာစေရန်ကြိုးပမ်းခြင်းနှင့် ထိုပုဂ္ဂိုလ်များ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းေ ပးခြင်း၊  ဈေးကွက်အလိုက် ဈေးကွက်ထိုးဖောက်မည့် မဟာဗျူဟာများချမှတ်ဆောင်ရွက်ခြင်း၊ စားနပ်ရိက္ခာဘေး ကင်းလုံခြုံမှုအချက်များနှင့် ပြည့်စုံသော ဆန်ကောင်းများ ထုတ်လုပ်နိုင်ခြင်း စသည့် အချက်များကိုဦးတည်ပြီး ဆောင်ရွက်နိုင်မည် ဆိုပါက မြန်မာ့ဆန်အနာဂတ်မှာ လွန်စွာလှပမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

 

မျိုးသူ- ကုန်သွယ်မြှင့်