စားအုန်းဆီထုတ်လုပ်မှုကျဆင်းပြီး ပဲပုပ်ဆီဈေးမြင့်တက်မှုကြောင့် မလေးရှားစားအုန်းဆီဈေး တစ်ပတ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

        မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက ဒီဇင်ဘာ ၅ ရက်မှာ မြင့်တက်လာခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ စားအုန်းဆီဈေး မြင့်တက်လာခြင်းမှာ စားအုန်း ဆီထုတ်လုပ်မှု ကျဆင်းနေပြီး တရုတ်နိုင်ငံ ဒါလီ ယံဈေးကွက်တွင် စားအုန်းဆီကဲ့သို့ စားသုံးဆီ အမျိုးအစားဖြစ်သော ပဲပုပ်ဆီဈေးကလည်း မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး  ယခု ဈေးနှုန်းမှာ ရက်သတ္တတစ်ပတ်အတွင်း အမြင့်ဆုံးနှုန်း ဖြစ်ခဲ့ သည်။ ဘာဆာမလေးရှားကုန်စည် ဒိုင် (Bursa Malaysia Derivatives Exchange) တွင် ဖေဖော်ဝါရီလအတွက် စာချုပ် ရောင်းချသော စားအုန်းဆီဈေးမှာ ဒီဇင်ဘာ ၄ရက်က ရှိခဲ့ သော ဈေးနှုန်းထက် သုညဒသမ ၉ရာခိုင်နှုန်း မြင့်တက်ပြီး နေ့လယ်ဈေးကွဲချိန် တွင် တစ်တန်ကို ၃၁၀၄ ရင်းဂစ် (အမေရိ ကန်ဒေါ်လာ ၆၉၈)နှုန်း ရှိခဲ့ရာ နိုဝင်ဘာ ၂၈ရက် နောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်ခဲ့သည်။ နေ့လယ်ဘက် ဈေးကွဲချိန်အထိ စုစုပေါင်း ရောင်းချရ သော စားအုန်းဆီ ပမာဏမှာ ၂၅တန်ရှိ အတွဲပေါင်း ၁၃၆၄၁ တွဲ ရှိခဲ့သည်။
          "ထုတ်လုပ်မှု  ကျဆင်းခဲ့တဲ့အတွက် ဈေးကွက်ထဲမှာ ရောင်းချဖို့ ဆီအလုံအလောက် မရှိခဲ့ပါဘူး"ဟု ကွာလာလမ်ပူ ရှိ ကုန်သည်တစ်ဦးက ပြောသည်။ ရင်းဂစ်တန်ဖိုး နိမ့်ကျနေ ခြင်းကလည်း စားအုန်းဆီဈေး မြင့်တက်စေ ရန် အထောက် အကူ ဖြစ်စေခဲ့ကြောင်းလည်း သူကပြောသည်။ ဒါလီယံကုန်စည်ဒိုင်မှာ ပဲပုပ်ဆီဈေး ခိုင်မာမှုကလည်း စားအုန်းဆီဈေးနှုန်းကို အထောက်အကူ ဖြစ်စေခဲ့ကြောင်း အခြားကုန်သည်တစ်ဦးက ပြောသည်။ ယခင်နှစ် က ဖြစ်ပွားခဲ့ သော အယ်လ်နီညို ရာသီဥတုဒဏ်ကြောင့် စားအုန်းဆီ အသီး ထွက်ရှိမှုကို အဟန့်အတား ဖြစ်စေခဲ့သည့်အတွက် နိုဝင်ဘာ လအတွင်း  စားအုန်းဆီ ထုတ်လုပ်မှုက ၂ ဒသမ ၈ရာခိုင်နှုန်း ကျဆင်းပြီး တန်ချိန် ၁ဒသမ ၆၃သန်းအထိ ရောက်ရှိမည်ဟု စားအုန်းဆီ ကုန်သည်၊ စိုက်ပျိုးသူနှင့် လေ့လာဆန်းစစ်ရေးမှူး ရှစ်ဦးကို ရိုက်တာသတင်းဌာနက မေးမြန်းချက်အရ သိရသည်။ မလေးရှားနိုင်ငံ၏စားအုန်းဆီထုတ်လုပ်မှုက ကျဆင်းနေသည်ဟုဆိုေ သာ်လည်း ပို့ကုန်ကျဆင်းမှုက ပမာဏပိုမို များပြားသည့်အတွက်  နိုဝင်ဘာတွင် စားအုန်းဆီလက်ကျန် သိုလှောင်မှုတိုးတက်နှုန်းက ငါးလအတွင်း အများဆုံးဖြစ်ခဲ့ သည်။ စားအုန်းဆီရောင်းချရာတွင် အသုံးပြုသော ရင်းဂစ် တန်ဖိုး ကျဆင်းမှုကြောင့် အခြားငွေကြေးဖြင့် စားအုန်းဆီကို ဝယ်ယူသူများအတွက် ဈေးနှုန်းသက်သာစေသဖြင့် စားအုန်း ဆီ၏ ဈေးနှုန်းယှဉ်ပြိုင်မှု စွမ်းရည်ကို မြင့်တက်စေခဲ့သည်။
          ဒေါ်လာတန်ဖိုးမြင့်တက်နေမှုကြောင့်မလေးရှားရင်းဂစ် တန်ဖိုးက နိုဝင်ဘာလဆန်းမှ ယခုအချိန်ထိ  ၆ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ အခြားဟင်းရွက်ဆီတစ်မျိုးဖြစ်သော ပဲပုပ်ဆီဈေးမှာ ချီကာဂို ကုန်သွယ်မှုဘုတ်အဖွဲ့ တွင် ဇန်နဝါရီအတွက် ကြိုတင် ရောင်းဈေးမှာ သုညဒသမ ၁ရာခိုင်နှုန်း ကျဆင်းပြီး တရုတ် နိုင်ငံ ဒါလီယံဈေးကွက်တွင် မေအတွက် ကြိုတင်ရောင်းချဈေး မှာ သုညဒသမ ၈ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ပဲပုပ်ဆီနှင့် စားအုန်းဆီတို့ မှာ ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ပြိုင်ဖက် သဖွယ်ဖြစ်နေသည့်အတွက်   ပဲပုပ်ဆီဈေး မြင့်တက်ပါကစားအုန်းဆီဈေးပါ မြင့်တက်လေ့ရှိသည်။

 

ဉာဏ်တင်