ဒစ်ဂျစ်တယ်စီးပွားရေးတွင် မျှတသောယှဉ်ပြိုင်မှုဖော်ဆောင်ရေးနှင့် စားသုံးသူများကို အကာအကွယ်ပေးရေး
ကိုဗစ်ကူးစက်ရောဂါကာလ မတိုင်မီကတည်းက စတင်ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကိုဗစ်ကာလ လူတွေရဲ့လူနေမှုပုံစံတွေ ဈေးဝယ်မှုနည်းလမ်းတွေလည်း ပြောင်းလဲလာတာနဲ့အမျှ လူတွေက ပိုမိုစိတ်ဝင်တစား ပြောင်းလဲအသုံးပြုလာကြတာကို တွေ့ရပါတယ်။
အရင် အွန်လိုင်းကနေရောင်းဝယ်ဖောက်ကားနေတဲ့ ကုန်ပစ္စည်း/ ဝန်ဆောင်မှုတွေ အပြင် မိရိုးဖလာရောင်းဝယ်မှုတွေ၊ လုပ်ငန်းငယ်လေးတွေကအစ သူတို့ရဲ့အရောင်းအဝယ်တွေကို အွန်လိုင်းကနေတစ်ဆင့် ပြောင်းလဲဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။
အကုန်လုံးလိုလိုကို အွန်လိုင်းကနေ ရောင်းဝယ်လာကြတဲ့အခါ ဒီကုန်ပစ္စည်း/ ဝန်ဆောင်မှုတွေရဲ့ အရည်အသွေးတွေကလည်း သိပ်ကွာခြားမှုမရှိကြတော့တာ တွေ့ရပါတယ်။ အရည်အသွေးတွေ သိပ်မကွာတော့ ဝယ်ယူသူတွေအနေနဲ့ ဈေးနှုန်းကိုပဲ အဓိကထားပြီး ရွေးချယ်လာကြပါတယ်။ ဒီတော့ ဈေးမလျှော့ပေးနိုင်တဲ့လုပ်ငန်းတွေက မရောင်းရတော့ဘဲ အရှုံးပေးကြရပါတော့တယ်။ ဒီလိုမခံနိုင်တဲ့လုပ်ငန်းတွေ ဈေးကွက်ထဲကထွက်သွားရပြီဆိုတာနဲ့ ဈေးကွက်ထဲမှာ ကျန်တဲ့လုပ်ငန်းတွေက သူတို့စိတ်ကြိုက်ဈေးကစားတာတွေ လုပ်လာကြပါတော့တယ်။ စားသုံးသူတွေအနေနဲ့ကလည်း သူတို့စိတ်ကြိုက်တင်ထားတဲ့ဈေးနှုန်းကို မဖြစ်မနေလက်ခံကြရပါတော့တယ်။
ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို အသုံးများလာကြတာနဲ့အမျှ ဒီစီးပွားရေးဈေးကွက်ထဲမှာ လုပ်ငန်းရှင်အချင်းချင်း ယှဉ်ပြိုင်မှုပြဿနာတွေအပြင် ရောင်းချသူတွေနဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းပိုင်ရှင်တွေက စားသုံးသူတွေရဲ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့ပြဿနာတွေကိုလည်း တွေ့ရှိလာကြရပါတယ်။
ဒစ်ဂျစ်တယ်ဈေးကွက်မှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပိုင်ရှင်တွေက ဈေးကွက်အင်အား ကြီးကြီးမားမားရှိကြပြီး ကိုဗစ်ကာလအလွန်မှာတော့ သူတို့ရဲ့ဈေးကွက်အင်အား တဟုန်ထိုး တိုးတက်လာနေကြတာကို တွေ့ရပါတယ်။ ဒစ်ဂျစ်တယ်ဈေးကွက်ဆိုတာကလည်း အခြားဈေးကွက်တွေလို ရောင်းသူနဲ့ဝယ်သူသာရှိတဲ့ ဈေးကွက်မျိုးမဟုတ်ဘဲ ရောင်းသူအများအပြား၊ ဝယ်သူအများအပြားပါဝင်တဲ့ ဈေးကွက်တစ်ခုဖြစ်ခြင်းကြောင့် ယှဉ်ပြိုင်မှုနဲ့ဆိုင်တဲ့အမှုတွေ ဖြစ်လာတဲ့အခါ ဈေးကွက်အဓိပ္ပါယ်ဖွင့်ဆိုဖို့ ခက်ခဲတာကို တွေ့ရပါတယ်။ စားသုံးသူတွေရဲ့အချက်အလက်များများရရှိထားတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းပိုင်ရှင်တွေက ဈေးကွက်အင်အားပိုမိုရရှိနိုင်တာဖြစ်တဲ့အတွက် ဒီလိုရရှိထားတဲ့ ဈေးကွက်အင်အားကို အလွဲသုံးစားလုပ်နိုင်ချေတွေလည်း များပါတယ်။ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာမူဝါဒတွေကို ချိုးဖောက်တာမျိုးလည်း ရှိလာနိုင်ပါတယ်။
စားသုံးသူကာကွယ်ရေးပိုင်းမှာဆိုရင်လည်း ကိုဗစ်ကာလအတွင်းမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်စည်တွေ ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းလိုမျိုး မျှတမှုမရှိတဲ့ အွန်လိုင်းစီးပွားရေးအလေ့အထတွေ၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေမှာ ဝင်ရောက်ရောင်းဝယ်ကြတဲ့လုပ်ငန်းတွေ၊ ဝယ်ယူသူတွေ အတွက် အချက်အလက်တွေ ကာကွယ်ပေးမှုမရှိတာ၊ အတုအပတွေ၊ အလိမ်အညာတွေက အွန်လိုင်းပေါ်မှာ အဓိကကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်ဈေးကွက်မှာကြုံတွေ့ရတဲ့ ယှဉ်ပြိုင်မှုပြဿနာရပ်တွေဟာ စားသုံးသူအကာအကွယ်ပေးရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကာကွယ်ရေး၊ မူပိုင်ခွင့်၊ ဆိုင်ဘာလုံခြုံရေး အစရှိတာတွေနဲ့လည်း သက်ဆိုင်နေတဲ့အတွက် မူဝါဒနယ်ပယ်တွေမှာ တစ်ခုနဲ့တစ်ခု ရောထွေးယှက်တင်ဖြစ်လာနိုင်ပါတယ်။
ဒစ်ဂျစ်တယ်ဈေးကွက်မှာ တွေ့ရှိရတဲ့ ယှဉ်ပြိုင်မှုပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ လက်ရှိဥပဒေတွေကို ပြင်ဆင်ရေးဆွဲတာ၊ နောက်ထပ် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ထပ်ချမှတ်တာလိုမျိုး ဥပဒေရေးဆိုင်ရာပြောင်းလဲမှုတွေနဲ့ လက်ရှိတည်ဆဲဥပဒေတွေကို ဒစ်ဂျစ်တယ်ဈေးကွက် ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လိုက်လျောညီထွေဖြစ်စေဖို့ ချိန်ညှိဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
ဒီလိုဆောင်ရွက်တာတွေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံကတော့ ဥပမာကောင်းအနေနဲ့ ရှိနေပါတယ်။ စင်ကာပူနိုင်ငံ၏ ယှဉ်ပြိုင်မှုနှင့်စားသုံးသူရေးရာကော်မရှင် အနေနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ပတ်သက်ပြီး အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး ပလက်ဖောင်းများ (E-Commerce Platforms) ဆိုင်ရာ ဈေးကွက်လေ့လာမှု (၂၀၂၀)၊ အွန်လိုင်းမှ ခရီးသွားကြိုတင် စာရင်းသွင်းခြင်း (Online Travel Booking) ဈေးကွက်လေ့လာမှု (၂၀၁၉)၊ အချက်အလက်များကို အလွယ်တကူရွှေ့ပြောင်းပေးနိုင်မှု (Data Portability) ဆိုင်ရာ ဆွေးနွေးချက် စာတမ်း (၂၀၁၉)၊ အာဆီယံဒေသအတွင်း အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးနှင့် ယှဉ်ပြိုင်မှု လက်စွဲစာအုပ် (၂၀၁၉)၊ တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သည့် အချက်အလက်များနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ ပုဂ္ဂိုလ်ရေးအချက်အလက်များကာကွယ်ရေးနှင့် မူပိုင်ခွင့်တို့၏ ပတ်သက်မှု (၂၀၁၇) အစရှိတာတွေကို ထုတ်ဝေထားတာတွေ့ရပါတယ်။
တခြားကမ္ဘာ့နိုင်ငံတွေဖြစ်တဲ့ ယူကေ၊ ဩစတြေးလျ၊ ဂျမနီနဲ့ ဂျပန်နိုင်ငံတွေမှာလည်း ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ဆိုင်တဲ့ ယှဉ်ပြိုင်မှု ပြဿနာတွေနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ လက်ရှိအသုံးပြုနေတဲ့ တည်ဆဲဥပဒေတွေကို ပြင်ဆင်ကြတာ၊ ဥပဒေ/ ညွှန်ကြားချက်အသစ်တွေ ထပ်ထုတ်ကြတာတွေကိုတွေ့ရပါတယ်။
အထက်မှာပြောခဲ့သလိုပါပဲ ဒစ်ဂျစ်တယ်စီးပွားရေးမှာတွေ့ရတတ်တဲ့ ပြဿနာရပ်တွေဟာ ဥပဒေနယ်ပယ်တစ်ခုတည်းနဲ့ သက်ဆိုင်နေတာမျိုးမဟုတ်ဘဲ အခြားသက်ဆိုင်ရာ ဥပဒေ/ မူဝါဒ နယ်ပယ်တွေနဲ့လည်း သက်ဆိုင်နေတတ်တာဖြစ်လို့ အဲ့ဒီသက်ဆိုင်ရာနယ်ပယ်တွေက အာဏာပိုင် တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေ လိုအပ်လာမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြည်တွင်းအဖွဲ့အစည်း အာဏာပိုင်တွေဖြစ်တဲ့ ယှဉ်ပြိုင်မှုအာဏာပိုင်တွေ၊ စားသုံးသူအကာအကွယ်ပေးရေးအာဏာပိုင်၊ ပုဂ္ဂိုလ်ရေးအချက်လက်ကာကွယ်ရေးအာဏာပိုင်တွေနဲ့ မူပိုင်ခွင့်အဖွဲ့အစည်းအာဏာပိုင်တွေက ချိတ်ဆက်ပူးပေါင်းဖြေရှင်းကြရမှာဖြစ်ပါတယ်။ ပြည်တွင်းပူးပေါင်းဆောင်ရွက်မှုတွေဆောင်ရွက် ရာမှာ နယ်ပယ်တစ်ခုရဲ့ မူဝါဒဆိုင်ရာရည်မှန်းချက်တွေက အခြားနယ်ပယ်တစ်ခုရဲ့ လုပ်ဆောင်ချက် တွေကို မထိခိုက်စေဖို့ အဓိကအရေးကြီးပါတယ်။
ဒစ်ဂျစ်တယ်ဈေးကွက်ဆိုတာ နယ်နိမိတ်အတိုင်းအတာမရှိတဲ့အတွက် အားလုံးပါဝင်တဲ့ ဈေးကွက်ဖြစ်ဖို့ဆိုရင် ဒေသတွင်းနဲ့ နိုင်ငံတကာက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ဖို့တွေ လိုလာမှာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက အာဏာပိုင်တွေကလည်း ဒီလိုပဲ တူညီတဲ့ပြဿနာ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းဆောင်ရွက်နေကြရတာဖြစ်လို့ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြခြင်း၊ သတင်းအချက်အလက် ဖလှယ်ကြခြင်းအားဖြင့် ပြဿနာရပ်တွေကို ပိုမို လက်တွေ့ကျကျနဲ့ ဖြေရှင်းဆောင်ရွက်လာနိုင်ကြမှာပဲဖြစ်ပါတယ်။
နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေအတွက် အလားအလာရှိတဲ့နယ်ပယ်တွေအနေနဲ့ ဈေးကွက်လေ့လာမှုပြုလုပ်တာ၊ ဒစ်ဂျစ်တယ်ဈေးကွက်အတွက် အဖွဲ့တစ်ခု ဖွဲ့စည်းဆောင်ရွက်တာ၊ ဝန်ထမ်းတွေကို အရည်အသွေးမြှင့်တင်ပေးတာ၊ ပြည်တွင်းအဆင့်/ ဒေသတွင်းအဆင့် စကားဝိုင်း ဆွေးနွေးပွဲတွေပြုလုပ်ပြီး အတွေ့အကြုံတွေမျှဝေတာ၊ အချင်းအချင်း အပြန်အလှန် ကူညီဆောင် ရွက်တာ၊ သုံးသပ်အကြံပြုတာတွေ အစရှိတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်မှာကို တွေ့ရပါ တယ်။
ယှဉ်ပြိုင်မှုမူဝါဒနဲ့ စားသုံးသူအကာအကွယ်ပေးရေးမူဝါဒတွေကို တွန်းအားပေးတဲ့ မူဝါဒ ချမှတ်ပြဌာန်းခြင်းဟာ ဒစ်ဂျစ်တယ်စီးပွားရေးသာမကဘဲ ဘယ်စီးပွားရေးကိုမဆို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး စီးပွားရေးရလဒ်ကောင်းတွေ သက်ရောက်လာမှာဖြစ်ပါတယ်။
ဒါ့ကြောင့် လတ်တလောခေတ်ရေစီးကြောင်းအရ အရမ်းကိုအရေးပါအရာရောက်လာတဲ့အပြင် နောင်ကိုလဲ အားလုံးနဲ့အမြဲထိတွေ့နေရမှာဖြစ်တဲ့ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ထဲမှာ စီးပွားရေးလုပ်ငန်းတွေအချင်းချင်း မျှမျှတတယှဉ်ပြိုင်နိုင်ဖို့၊ ဝယ်ယူစားသုံးသူတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးနိုင်ဖို့အတွက် နိုင်ငံတိုင်းရဲ့ သက်ဆိုင်ရာဥပဒေတွေကိုထိန်းကျောင်းတဲ့ အာဏာပိုင်တွေအကုန်လုံး ပူးပေါင်းဖော်ဆောင်ပေးကြရမှာဖြစ်သလို ဒေသတွင်း၊ နိုင်ငံတကာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့လည်း လိုအပ်သလို ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။