ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄         ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန်တွင်  ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီး ဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မိုးမိုးသွယ်နှင့်  စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ တို့က အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့သည်။

မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြော ကြားရာတွင် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကနဦးအနေဖြင့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် ပတ်သက်၍ စတင်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကျန်မူပိုင်ခွင့်ဥပဒေများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်သွားမှာဖြစ်ပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ၏ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ရခိုင်ပြည်နယ်ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ဆောင်ရွက်ရန်စီမံထားသည့်အတွက် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ဒေသတွင်းမှာရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် SME လုပ်ငန်းရှင်များကို အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေးရာမှာ အခြားတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာရှိတဲ့ SME လုပ်ငန်းရှင်များကိုလည်း တစ်ပါတည်းအသိပညာပေးနိုင်ရေး အတွက် ယခုလိုအသိပညာပေးဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဒေသ တွင်းမှာရှိသည့် လုပ်ငန်းများအနေဖြင့် မူပိုင်ခွင့်ဆိုင်ရာ အသိပညာဗဟုသုများရရှိပြီး၊ မိမိ၏ လုပ်ငန်းများတွင် မူပိုင်ခွင့်အကာအကွယ်ရယူနိုင်ရေးနှင့် မူပိုင်ခွင့်ချိုးဖောက်မှုမရှိစေရေး ဆောင်ရွက်သွားနိုင်မှာဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ကိုစနစ်တကျအသုံးချပြီး၊ လုပ်ငန်းများတိုးတက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကိုလည်း အထောက်အကူပြု ပါကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ SME လုပ်ငန်းများ အနေဖြင့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အကာအကွယ်ပေးခြင်းဆိုင်ရာ လုပ်ငန်းများကို ကောင်းစွာ နားလည်သဘောပေါက်ပြီး လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ် ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အမှာစကားပြောကြားရာတွင် မိမိတို့၏ဦးစီးဌာနများသည် နိုင်ငံ၏စီးပွားရေး အခြေအနေတိုးတက်ရန်အတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လုပ်သာ ကိုင်သာရှိသည့် အခြေအနေများဖန်တီးရန် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ဦးတည်ချက်များ ပြည့်မြောက်ရန် Stakeholder များအချင်းချင်း ချိတ်ဆက်၍ စီးပွားရေးလုပ်ငန်းများကို မိရိုးဖလာစီးပွားရေးလုပ်ငန်းမှသည် ရေရှည်ရပ်တည်နိုင်သည့် လုပ်ငန်း များဖြစ်စေရန်နှင့် လုပ်ငန်းသေးမှသည် လုပ်ငန်းကြီးဖြစ်အောင် အဆင့်ဆင့် ဌာနများအချင်းချင်း လက်တွဲကူရင်း ဝိုင်းဝန်းအားကူလျှောက်လှမ်းနေကြသည့် ညီနောင်ဌာနများဖြစ်ပါကြောင်း၊ နိုင်ငံ၏စီးပွားရေးအတွက် အဓိကကျောရိုးသဖွယ်ဖြစ်သည့် MSME လုပ်ငန်းများအတွက် သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိရေးနှင့် ပြည်ပပို့ကုန်မြှင့်တင်ရေး၊ ထုတ်ကုန်များတီထွင်ဆန်းသစ်ရေးတို့ကို အခြေပြုသည့် လုပ်ငန်းသစ်များ ပိုမိုပေါ်ထွက်လာရေး အတွက် အဓိကကျသည့် မူပိုင်ခွင့်ဆိုင်ရာလုပ်ဆောင်ချက်များကို ထဲထဲဝင်ဝင် နားလည်သဘော ပေါက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် ဝိုင်းဝန်းဆွေးနွေးတိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်အကြောင်းသိကောင်းစရာများ၊ ကုန်အမှတ် တံဆိပ်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများနှင့် Online Filling (WIPO file) စနစ်ဖြင့် အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာများကို မူပိုင်ခွင့်ဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          အဆိုပါဆွေးနွေးပွဲသို့ မူပိုင်ခွင့်ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ‌ အသေးစား၊ အလတ်စားလုပ်ငန်းရှင် များ ရခိုင်ပြည်နယ်ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိ ပညာပေးရန်အစီအစဉ်အရ ဖိတ်ကြားထားသည့် ရခိုင်ဒေသတွင်းမှ စီးပွားရေးလုပ်ငန်းရှင်များ၊  အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များနှင့် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း (၃၄၅) ဦးပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။