COVID-19 ကူးစက်ရောဂါကုသရေးဆိုင်ရာဆေးဝါးနှင့်ရောဂါကာကွယ်ရေးပစ္စည်းများ တင်သွင်းနိုင်ရေးနှင့်ပြည်တွင်းစျေးကွက်၌စျေးကစားမှုများ ထိန်းချုပ်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးညွန့်အောင်တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊  ဇူလိုင်လ ၅    COVID-19 ကူးစက်ရောဂါကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာဆေးဝါးနှင့်ရောဂါကာကွယ်ရေးပစ္စည်းများ လွယ်ကူချောမွေ့စွာတင်သွင်းနိုင်ရေးနှင့် ပြည်တွင်းစျေးကွက်၌ စျေးကစားမှုများ ထိန်းချုပ်စီမံဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက် (တနင်္လာနေ့)၊ နေ့လည် (၁၄:၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကုန်စည်ကူးသန်းရေးတွင် COVID-19 ရောဂါပြန့်ပွားမှုထိန်းချုပ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးညွန့်အောင်က တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

                                       COVID-19  ရောဂါကူးစက်မှု Third wave   ကူးစက်မှုနှုန်းမြင့်တက်လာခြင်းနှင့်အတူ ရောဂါကာကွယ်ရေး   ပစ္စည်းစျေးနှုန်းများ မြင့်တက်မှုမရှိစေရေး၊ စျေးကွက်အတွင်း စျေးကစားမှုများမရှိစေရေး၊ တင်သွင်းမှုလွယ်ကူလျင်မြန်ချောမွေ့စေရေး  နှင့် COVID-19 ရောဂါကာကွယ်ကုသရေး ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ်သတ်မှတ်၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး၊ စစ်ဆေးတွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း အဓိကလိုအပ်လျက်ရှိသော Face Mask နှင့်အောက်စီဂျင်ဗူးများအား အမြန်ဆုံးတင်သွင်းဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည့်အတွက်  စိုးရိမ်ပူပန်မှုမရှိစေရေး ပြည်သူများသို့ အသိပေးသွားရန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

                                      အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး အစည်း အဝေးအား (၁၆:၃၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။