အထက်မင်းလှမြို့နယ်၌ မိုးစပါးများ စိုက်ပျိုးလျက်ရှိ

Thu, 09/05/2024 - 05:06 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်၊ သံပုရာကန်၊ လက်ပံတံခါး စသည့်ကျေးရွာများ၌ မိုးစပါးများကို စိုက်ပျိုးလျက်ရှိရာ ဧရာပဒေသာစပါးမျိုးကို အဓိကထား စိုက်ပျိုးကြပြီး ဆာပိုးသာ၊ မနောသုခ၊ ဧရာမင်း၊ ရတနာတိုး၊ ဆင်းသုခ စသည့်စပါးမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

   မိုးစပါးများကို ဩဂုတ်လ၊ ပထမပတ်မှစတင်စိုက်ပျိုးကြ၍ စိုက်ပျိုးပြီး ရက်ပေါင်း ၁၅၀ အကြာတွင် ရိတ်သိမ်းရကြောင်း၊ စိုက်ပျိုးရာတွင် တိုက်ရိုက်အစေ့ချစနစ် (Seeder) နှင့် ပျိုးထောင် ပင်စိုက်စနစ်ဟူ၍ နည်းလမ်းနှစ်မျိုးဖြင့် စိုက်ပျိုးကြပြီး ပျိုးထောင်ပင်စိုက် စနစ်ဖြင့် စိုက်ပျိုးပါက တစ်ဧကလျှင် တစ်တင်းခွဲခန့် ကုန်ကျပြီး တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးပါက တစ်တင်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်အားခ အပါအဝင် တစ်ဧက လျှင် ငွေကျပ် ၅ သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် ၈၀-၈၅ တင်း ထွက်ရှိပြီး တစ်တင်းလျှင် ငွေကျပ် ၃၀,၀၀၀ ဖြင့် ရောင်းချရကြောင်း၊ အကျိုးအမြတ် အနေဖြင့် ဒေသတွင်း၌ စပါးဈေးနှုန်း ကောင်းမွန်သောကြောင့် တစ်ဧကလျှင် ငွေကျပ် ၁၄ သိန်းခန့် ရရှိခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံ စပါးပွဲစားများမှ ဝယ်ယူကြကြောင်း၊ ယခုနှစ်တွင်လည်း အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင် ကြောင်း စပါးစိုက်တောင်သူတစ်ဦးထံမှ သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages