နတ်တလင်းမြို့ရှိ ကွမ်းဈေးနှုန်းဈေးကွက်

Tue, 09/03/2024 - 10:54 -- mocadmin

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ ကြို့ပင်သာရွာ၌ ကွမ်းကို မိမိတို့ အိမ်ခြံဝင်း အတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေ ရရှိရန်အတွက်လည်းကောင်း စိုက်ပျိုး လျက်ရှိပြီး ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ စိုက်ပျိုးကြကြောင်း၊ မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် ဆောင်းစိုက်ကိုသာ ဦးစားပေး စိုက်ပျိုးကြကြောင်း၊ ကွမ်းနုဝါနှင့် ကွမ်းရွက်စိမ်း နှစ်မျိုးရှိ သည့်အနက် ကွမ်းနုဝါကို ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   ကွမ်းစိုက်ပျိုးရန်အတွက် ကွမ်းမျိုး(ကွမ်းအညွန့်)တစ်ညွန့်လျှင် လက်ကားဈေး ငွေကျပ် ၃၀၀ ဖြင့် ဝယ်ယူကာ တစ်ဧက၏ လေးပုံတစ်ပုံခန့် (၀.၂၅ဧက)အကျယ်ရှိ ကွမ်းခြံ၌ကွမ်းအညွန့် ၅၀၀ ခန့် စိုက်ပျိုးရကြောင်း၊ ကွမ်းကို ဝါဆိုလတွင် စတင်စိုက်ပျိုး၍ ပြာသိုလတွင် စတင်ခူးဆွတ်ရပြီး မြေအနေ အထားနှင့် ကွမ်းညွန့်မျိုးကောင်းမျိုးသန့်အပေါ်မူတည်၍ အနည်ဆုံး နှစ်နှစ်မှ ငါးနှစ်ခန့်အထိ ခူးဆွတ် ရကြောင်း၊ စိုက်ပျိုးမှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ၀.၂၅ ဧကလျှင် ငွေကျပ် ၈ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ကွမ်းရွက်ကို ၁၀ ရက်ခြား တစ်ကြိမ်ခူးဆွတ်ရပြီး တစ်ကြိမ်ခူးဆွတ်လျှင် ၁၀ ပိဿာခန့် ထွက်ရှိရာ တစ်လလျှင် ပိဿာချိန် ၃၀ ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၈,၀၀၀ ဖြင့် နတ်တလင်းမြို့ရှိ ကွမ်း အဝယ်ဒိုင်များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကွမ်းဒိုင်များမှတစ်ဆင့် ပြည်မြို့သို့ အများဆုံးတင်ပို့ပြီး ရန်ကုန်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရ သည်။

DOCA (ပဲခူး)

Local Trade News

Pages