အီးယူနှင့် တောင်အမေရိကတိုက်၏ အကြီးဆုံးကုန်သွယ်မှုအဖွဲ့ MERCOSUR တို့အကြား ၂၅ နှစ် ကြာ ညှိနှိုင်းမှုများအပြီး လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ခဲ့
အီးယူနှင့် တောင်အမေရိကတိုက်ရှိ နိုင်ငံများဖြစ်သော အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ဘရာဇီး၊ ပါရာဂွေး၊ ဥရုဂွေးတို့ ပါဝင်သည့် MERCOSUR အဖွဲ့သည် ၂၅ နှစ်ကြာ ညှိနှိုင်းမှုများအပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။
အဆိုပါသဘောတူညီချက်ကို အတည်ပြုပြဌာန်းပြီးပါက လူဦးရေသန်းပေါင်း ၇၈၀ ပါဝင်ပြီး ကမ္ဘာ့ စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး၏ လေးပုံတစ်ပုံရှိသည့် ကမ္ဘာ့အကြီးမားဆုံးဈေးကွက်အတွက် လွတ်လပ်သော ကုန်သွယ်မှုဧရိယာထွက်ပေါ်လာမည်ဖြစ်ပါသည်။ သဘောတူညီချက်ကြောင့် နှစ်စဉ် အကောက်ခွန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄.၂၆ ဘီလီယံ သက်သာစေမည့်အပြင် အီတလီဝိုင်၊ အာဂျင်တီးနားအမဲသား၊ ဘရာဇီးလိမ္မော်နှင့် ဂျာမန်ဗောက်စ်ဝဂွန် ကားများအပေါ် ကြိုးနီစနစ်နှင့် အကောက်ခွန်နှုန်းများ ဖယ်ရှားပေးမည်ဖြစ်ပါသည်။ ပြင်သစ်၊ နယ်သာလန်အပါ အဝင် နို့ထွက်ပစ္စည်း၊ အမဲသားတို့ ထုတ်လုပ်သောနိုင်ငံများမှ ဝေဖန်သူများက ယခုသဘောတူညီချက်ကြောင့် ပြည်တွင်းလယ်သမားများအတွက် မမျှတသောယှဉ်ပြိုင်မှုဖြစ်ပေါ်စေကာ ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ကြောင်း ပြော ဆိုကြသည်။
ရွေးကောက်ခံ အမေရိကန် သမ္မတထရမ့်၏ အမေရိကန်နိုင်ငံသားများနှင့် ကုန်စည်များအား အကာအကွယ်ပေးမှုကို ကိုးကားလျှက် အီးယူကော်မရှင်ဥက္ကဌ Ursula von der Leyen က ယခုသဘောတူညီချက်သည် ကမ္ဘာ့နှင့်အဝှမ်း အကာအကွယ်ပေးမှုမူဝါဒများ တိုးမြှင့်ကျင့်သုံးချိန်တွင် သမိုင်းဝင်မှတ်တမ်း တစ်ခုဖြစ်ကြောင်း၊ ဈေးကွက်အစိတ် စိတ်ကွဲပြားခြင်းနှင့်တစ်နိုင်ငံတည်းရပ်တည်ခြင်းတို့အကြား မိမိတို့၏တုံ့ပြန်ချက်မှာ ရှင်းလင်းပါကြောင်းပြောကြား ခဲ့သည်။
ပြင်သစ်သမ္မတ Emmanuel Macron က အချောသတ်သဘောတူညီချက်အား မတွေ့ရသေးကြောင်း၊ နိုင်ငံ၏ လယ်ယာကဏ္ဍမှ ယခုသဘောတူညီချက်ကို သဘောမတူကြောင်း၊ ပြင်သစ်လယ်သမားများအတွက် အကာအ ကွယ်ပေးမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေးထိန်းချုပ်မှုနည်းလမ်းများ ပိုမိုပါဝင်စေလိုကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်အနေဖြင့် ယခုသဘောတူညီချက်ကို တားဆီးမည်ဆိုပါက အခြား အီးယူအဖွဲ့ဝင် ၃ နိုင်ငံနှင့် အထက် (အီးယူ စုစုပေါင်းလူဦးရေ၏ ၃၅ % မှ ကန့်ကွက်ရန် လိုအပ်မည်ဖြစ်ပါသည်။) ပြင်သစ်သည် ဩစတြီးယား၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ နယ်သာလန်၊ ပိုလန်နှင့် အခြားစိုးရိမ်နေသော နိုင်ငံများနှင့် ပူးပေါင်းပြီး သဘောတူညီချက်ကို တားဆီးရန် ကြိုးပမ်းနေပါသည်။ သဘောတူညီချက်ကို အီးယူပါ လီမန်မှ အတည်ပြုပေးရန် လိုအပ်မည်ဖြစ်ပါသည်။
အီးယူကော်မရှင်ဥက္ကဌ Ursula von der Leyen က အကောက်ခွန်နှုန်းတားများ လျော့ချခြင်းကြောင့် လုပ်ငန်းပေါင်း ၆၀,၀၀၀ ကျော် တိုးတက်လာမည့်အပြင် တပြေးညီ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ၊ တရုတ်မှ ကုန်ကြမ်း မရရှိသည့်တိုင် ပိုမိုသက်သာသော ကုန်ကြမ်းဈေးကွက်ရရှိမည်ဖြစ်ကြောင်း၊ တောင်အမေရိကတိုက်နိုင်ငံများအနေဖြင့် တိရိစ္ဆာန်မွေးမြူရေးနှင့် ပိုးမွှားကာကွယ်ရေးအတွက် ယခင်စံချိန်စံညွှန်းများကို အသုံးပြု၍ မရတော့သဖြင့် ဥရောပလယ်ယာလုပ်ငန်းရှင်များ စိတ်ပူရန်မလိုကြောင်း ပြောကြားခဲ့သည်။
MERCOSUR အဖွဲ့သည် အီဂျစ်၊ အစ္စရေးနှင့် စင်ကာပူနိုင်ငံများနှင့်လည်း လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များလက်မှတ်ရေးထိုးထားပါသည်။ ဂျာမနီဝန်ကြီးချုပ် Olaf Scholz ၊ စပိန်ဝန်ကြီး ချုပ် Pedro Sanchez ၊ ဘရာဇီးသမ္မတ Luiz Inaciao Lula da Silva နှင့် အာဂျင်တီးနားသမ္မတ Javier Milei တို့က သဘောတူညီချက်ပြီးဆုံးခဲ့မှုအပေါ် ချီးကျူးခဲ့ကြပါသည်။ ဘရာဇီးကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးအေဂျင်စီက ယခုသဘောတူညီချက်ကြောင့် အီးယူသို့ ဘရာဇီးပို့ကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၇ ဘီလီယံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဂျင်တီးနား သမ္မတကလည်း အီးယူသို့ အမဲသားနှင့်လယ်ယာထွက်ကုန်များ ပိုမိုတင်ပို့ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
၁၉၉၉ ခုနှစ်ကတည်းက စတင်ခဲ့သော ညှိနှိုင်းမှုများသည် စံချိန်စံညွှန်းနှင့် လယ်ယာမူဝါဒများကြောင့် သဘောထားကွဲလွဲမှုများရှိခဲ့ပြီး သမ္မတထရမ့်က ဥရောပအပေါ် အကောက်ခွန်များစွာ ကောက်ခံသည့် ၂၀၁၆ ခုနှစ်မှစ၍ ညှိနှိုင်းမှုများ ပြန်လည်အရှိန်ရလာခြင်းဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် အကောက်ခွန်လျော့ချသည့် ပြဌာန်းချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကတိကဝတ်များပါဝင်သည့် သဘောတူညီချက်ကိုကြေညာခဲ့သော်လည်း ဘရာဇီးသမ္မတက ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုပြင်းထန်သောစံချိန်စံညွှန်းများချမှတ်ရန် တောင်းဆိုခဲ့သလို အာဂျင်တီးနားကလည်း သဘောမတူခဲ့ပါ။
၂၀၂၃ ခုနှစ်တွင် ဘရာဇီးသမ္မတက တရားမဝင်သစ်ခုတ်မှုများအပေါ် ထိန်းချုပ်ရန် ဦးဆောင်ချိန်တွင် မူဝါဒများပြောင်းလဲသလို အာဂျင်တီးနားကလည်း ဈေးကွက်ဖွင့်စီးပွားရေးဆောင်ရွက်ရန် ပြင်ဆင်နေသဖြင့် ဒေသတွင်းကုန်သွယ်မှုမူဝါဒ အပြောင်းအလဲများက သဘောတူညီချက်ကို အရှိန်မြှင့်စေခဲ့ပါ သည်။ သို့သော် အီးယူတွင် ကုန်သွယ်မှုသဘောတူညီချက်များကို အတည်ပြုပြဌာန်းနိုင်ရေးမှာ နှစ် ပေါင်းများစွာကြာမြင့်နိုင်ပါသည်။ ဥပမာ ၂၀၁၆ ခုနှစ်က အီးယူနှင့်ကနေဒါအကြား လက်မှတ်ရေးထိုးခဲ့သော ဘက်စုံစီးပွားရေးနှင့် ကုန်သွယ်မှုသဘောတူညီချက် (Comprehensive Economic and Trade Agreement-CETA) မှာ အတည်ပြုပြဌာန်းနိုင်ရေး အချိန်အတော်ကြာ စောင့်ဆိုင်းနေရဆဲဖြစ်ပါသည်။
နယူးယောက်အခြေစိုက် လူမှုစီးပွားရေးအဖွဲ့တစ်ခုဖြစ်သော Council of the Americas ၏ ဥက္ကဌက ယခုသဘော တူညီချက်သည် အီးယူခေါင်းဆောင်များအကြား သွေးကွဲစေခဲ့ပြီး အချို့ကအောင်မြင်မှုအဖြစ် ကြေညာထားသော်လည်း အထစ်အငေါ့များ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရင်းမြစ်။ အေပီသတင်းဌာန