ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို ကော်စတာရီကာနိုင်ငံမှ သဘောတူလက်ခံခဲ့ခြင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို ကော်စတာရီကာက လက်ခံကြောင်း အကြောင်းကြားစာ အား သံအမတ်ကြီး Ronald Saborío Soto မှ ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala ထံသို့ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

ကော်စတာရီကာ၏ လက်ခံမှုအပေါ် ညွှန်ကြားရေးမှူးချုပ် Okonjo-Iweala မှ ကော်စတာရီကာ သည် အဏ္ဍဝါထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်မြှင့်ရန်နှင့် ရေရှည်တည်တံ့သော စီးပွားရေးအလေ့အထများ အားပေးရန် လမ်းကြောင်းတွင် နမူနာကောင်းတစ်ခုဖြစ်ကြောင်း၊ WTO ၏ ကျန်အဖွဲ့ဝင်များ လည်း ကော်စတာရီကာကဲ့သို့ လိုက်ပါဆောင်ရွက်ခြင်းဖြင့် သဘောတူညီချက် အသက်ဝင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သံအမတ်ကြီး Saborío က ကော်စတာရီကာအနေဖြင့် ငါးလုပ်ငန်း အထောက်အပံ့ဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာ့ငါးသယံဇာတများရေရှည်တည်တံ့ရေး အထောက်အကူပြုမည်ဟု ယုံကြည်သောကြောင့် အခြားအဖွဲ့ဝင်များကိုလည်း သဘောတူညီချက် အမြန်ဆုံး အသက်ဝင်ရန် လက်ခံစေလိုပါကြောင်း ပြောကြားခဲ့သည်။

ကော်စတာရီကာအပါအဝင် ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်ကို လက်ခံသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံပေါင်း ၈၇ နိုင်ငံရှိပြီး ဖြစ်ပါသည်။ သဘောတူညီချက် စတင်ကျင့်သုံးရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင်နိုင်ငံအားလုံး၏ သုံးပုံနှစ်ပုံ ပါဝင်ရန်လိုအပ်ရာ နောက်ထပ်နိုင်ငံပေါင်း ၂၄ နိုင်ငံမှ လက်ခံရန် လိုအပ်နေပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဂျီနီဗာတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ (၁၂) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံ (MC12) တွင် တူညီဆန္ဒဖြင့် သဘောတူညီခဲ့သည့် ငါးလုပ်ငန်းအထောက်အပံ့ဆိုင်ရာ သဘောတူညီချက်သည် ကမ္ဘာတဝှမ်းငါးလျော့နည်းလာစေသည့် အထောက်အပံ့များမပေးရေးအတွက် ကဏ္ဍစုံစည်းမျဉ်းသစ်များ ပါဝင်ပါသည်။ အဆိုပါသဘောတူညီ ချက်၏တာဝန်များကို လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDCs)၏ လိုအပ်ချက်များကိုအသိအမှတ်ပြု၍ နည်းပညာဆိုင်ရာ အကူအညီ ထောက်ပံ့ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ရန် ရန်ပုံငွေတစ်ရပ်ထူထောင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါသဘောတူညီချက်တွင် တရားမဝင်၊ စာရင်းမှတ်ထားခြင်းမရှိ၊ ဥပဒေအရထိန်းကြောင်းခြင်း မရှိသည့် ငါးဖမ်းခြင်းများအတွက် အထောက်အပံ့များကိုတားမြစ်ခြင်း၊ ငါးလျော့နည်းလာစေသည့် အလွန်အကျွံငါးဖမ်းမှုကိုတားမြစ်ခြင်းနှင့် ကမ်းဝေးပင်လယ်ပြင်တွင် စည်းကမ်းလိုက်နာမှုမရှိသော ငါးဖမ်းခြင်းအတွက် အထောက်အပံ့များကို အဆုံးသတ်စေခြင်း တို့ပါဝင်သည်။ အဖွဲ့ဝင်များသည် အထူး ကိစ္စရပ်များကို ဆက်လက်ညှိနှိုင်းရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်စေမည့် နောက်ထပ်ပြဋ္ဌာန်းချက်များ ချမှတ်ရန်လည်း MC12 တွင် သဘောတူညီခဲ့ကြသည်။

ရင်းမြစ်၊         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့