အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးဖို့ မုံရွာမြို့နယ် ခတက္ကန်(မ)ကျေးရွာမှာ ကျောက်ဆစ်လုပ်ငန်းအစုအဖွဲ့ဖွဲ့

မုံရွာမြို့နယ်မှာ သဘာဝသယံဇာတများ  ပေါကြွယ်ဝသလို မိရိုးဖလာနည်း ပညာများနဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းများအဖြစ် တစ်နိုင်တစ်ပိုင်ထုတ်လုပ်ကြတဲ့ လက်မှုလုပ်ငန်းမျိုးစုံရှိရာ ခတက္ကန်မြောက်ရွာက ကျောက် ဆစ်လုပ်ငန်းလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။ဖိုးခေါင်တောင် (ခေါ်) ဗောဓိတစ်ထောင် တောင်ကြော များရှိ သဘာဝမီးသင့် ကျောက်များကို ပိုင်းဖြတ်ပြီး ကျောက်ငရုတ်ဆုံနဲ့ ကျောက် ဘီး၊ ကျောက်ပျဉ်များ ပြုပြင်ထုတ် လုပ်တဲ့ ကျောက်ဆစ်လုပ်ငန်းကို ရှေးယခင်မှ ယနေ့ထိ တွင်ကျယ်စွာ လုပ်ကိုင်လျက်ရှိတာ တွေ့ရပါတယ်။ အဆိုပါ ကျောက်ဆစ်လုပ်ငန်း ရေရှည်တည်တံ့ ဖို့အတွက် လိုအပ်တဲ့နည်းပညာများ၊ အရင်းအနှီးများနဲ့  ဈေးကွက်များ ပိုမိုကျယ်ပြန့် စွာ ရရှိနိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် ခတက္ကန်မြောက်ကျေးရွာကျောက် ဆစ်လုပ်ငန်းအစုအဖွဲ့ကို ကုန်သွယ်မှုမြှင့်တင်ရေးနှင့်  စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်မှ လုပ်ငန်းရှင် ၁၀ ဦး၊ လုပ်သား ၁၂၃ ဦး  စုစုပေါင်း ၁၃၃ ဦးနဲ့ ဖွဲ့စည်း ခဲ့ပြီး အလုပ်အမှုဆောင်ကော်မတီကို ခုနစ်ဦးနဲ့ ရွေးချယ်ဖွဲ့စည်းပေးခဲ့ပါတယ်။ကုန်ချောထုတ်လုပ်နိုင်မှုအနေနဲ့ တစ်ရက် ကို   ကျောက်ငရုတ်ဆုံ အလုံး ၂၀၀ ခန့်နဲ့ မုန့်ကြိတ်ကျောက်ဘီး အရွယ်စုံ ၁၅ လုံးခန့် ထုတ်လုပ်နိုင်ပြီး လောလောဆယ် ဈေးကွက်အနေနဲ့ မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ ဟင်္သာတ၊  စစ်ကိုင်းမြို့နယ်များနဲ့ မုံရွာ ဗောဓိတစ်ထောင် ဆိုင်ခန်းများမှ ဘုရားဖူးပြည်သူများအတွက် လက်လီ လက်ကား ဈေးကွက်ဖြန့်ချိလျက်ရှိတယ်လို့ ဆိုပါတယ်။ ကျောက်ဆစ်လုပ်ငန်းအတွက် လုပ်ငန်း ရှင်တစ်ဦးရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ ၁၅၀ အထိရှိကာ ကုန်  ကြမ်းအတွက် ငွေကြိုတင်ပေးရခြင်း၊ ကုန်ချော ကို အကြွေးရောင်းချရခြင်းတို့ကြောင့် အရင်းအနှီးလိုအပ်ချက်များရှိနေရာ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့   စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးထံ တင်ပြပြီး ချေးငွေရရှိရေး ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။
ထွန်းလှိုင်-မုံရွာ