မူဆယ် (၁၀၅) မိုင်မှ ရော်ဘာ အဆင့်စုံတင်ပို့

   မေ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၀ သန်းဖိုးရှိ ရော်ဘာ ၁၃၉၇ တန်ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ ရော်ဘာများကတော့ RSS-1 ၂၇ တန်ကျော်၊  RSS-3 ၁၀၅၂ တန်၊ RSS-5 ၁၆ တန်၊ MSR-20 ၂၅၂ တန်၊ MSR-50 တန် ၅၀ ခန့်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ် (၁၀၅) မိုင်မှ ၁၃၆၄ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၃၃ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ယခုတစ်ပတ်မှာ ကျန်စခန်းများမှတင်ပို့မှုမရှိဘဲ မူဆယ်ကုန်သွယ်ရေးဇုန်မှသာတင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက် ဈေးမှာ ယခင်တစ်ပတ်က တက်ရိပ်ပြ ခဲ့ပြီး ယခုတစ်ပတ်မှာ အနည်းငယ်ပြန်ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က RSS-3 တစ်တန်ကို ၁၄၉၅၈၄၁ ကျပ်ရှိရာမှ ၁၄၅၂၁၄၈ ကျပ်သို့  အနည်းငယ်ကျသွားကြောင်းသိရပါတယ်။

ယဉ်ယဉ်အေး