မြန်မာ့ရွှေဈေးဆက်လက်မြင့်တက်

  သြင်္ကန်ကာလ လွန်ပြီးသည့်နောက်ပိုင်းတွင် ဈေးမြင့်တက်ခဲ့သည့် မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင်လည်းဆက်လက်မြင့်တက်လာခဲ့ကာ ကျပ် ခုနစ်သိန်းနီးပါးသို့ရောက် ရှိလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

  ကမ္ဘာ့ရွှေဈေးသာမကပြည်တွင်း ငွေလဲနှုန်းများပါဆက်တိုက်မြင့်တက်နေသဖြင့် မြန်မာ့ရွှေဈေးလည်း မြင့်တက်နေရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးကပြောကြားခဲ့သည်။ ထို့ပြင် ရွှေဈေးများ ဆက်တိုက်မြင့်တက်နေသဖြင့် ကျပ်ခုနစ်သိန်းအထိတက်လာနိုင်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

   ''ကမ္ဘာ့ရွှေဈေးရော၊ မြန်မာ့ရွှေဈေးပါ တက်လာတယ်။ ဈေးက ဆက်တက်မယ်လို့ခန့်မှန်းထားပေမယ့် အခြေအနေကတည်ငြိမ်မှုမရှိတဲ့အတွက် ခန့်မှန်းရခက်ပါတယ်။ ငွေ လဲနှုန်းကလည်း နေ့တိုင်းလိုလိုမြင့်တက်နေတဲ့အတွက် ဈေးတက်မယ်လို့ခန့်မှန်းထားတာပါ''ဟု ၎င်းက ပြောကြားခဲ့သည်။

   မြန်မာ့ရွှေဈေးသည်  မေလ ၄ ရက်နေ့တွင် ကျပ် ၆၈၆၀၀၀ ရှိခဲ့ရာမှ မေလ ၆ရက်နေ့တွင် ကျပ် ၆၉၃၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ မေလ ၈ ရက်နေ့တွင်မူ ကျပ် ၆၉၁၀၀၀ သို့ အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့သည်။

   ကမ္ဘာ့ရွှေဈေးသည် မေလ ၄ ရက် နေ့တွင် ၁၁၈၃ ဒေါ်လာရှိခဲ့ရာမှ မေလ ၆ရက်နေ့တွင် ၁၁၉၃ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။  မေလ ၈ရက်နေ့ တွင် ၁၁၈၄ ဒေါ်လာသို့ ပြန် လည်ကျဆင်းလာခဲ့သည်။

မယ်သီတာ