ဖရဲ၊သခွား စုံလင်စွာတင်ပို့

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ မတ်လ ၂၁ ရက်မှ ၂၇ ရက်တာကာလအတွင်း ဖရဲသီး ၁၂၀၂၆ တန်၊ လွယ်ဂျယ်မှ တန် ၃၄၀ နဲ့ကန်ပိုက်တီးမှ တန် ၆၀၀ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၄၇ သန်း ဖိုး၊ မူဆယ်မှ သခွားမွှေး ၁၁၇၂၅ တန်ကို တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၃၉၂ သန်းတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မူဆယ်၊လွယ်ဂျယ်နဲ့ တမူးမှ ဖရဲသီး ၉၉၈၂ တန်၊ မူဆယ်မှ သခွားမွှေး ၅၉၃၀ တန်သာ တင်ပို့နိုင်ခဲ့ပါတယ်။သြင်္ကန် ကာလရောက်လျှင် ကားအသွားအလာတွေ ခက်ခဲ မှာဖြစ်တဲ့အတွက် ယခုလို ဖရဲ၊ သခွား၊ စပျစ်၊ဖရုံစတဲ့ မြန်မာပြည်ထွက် သစ်သီးဝလံမျိုးစုံကိုပိုမိုတင်ပို့ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် မတ်လတစ်လလုံးမှာ စခန်းစုံမှတင်ပို့ခဲ့တဲ့ ဖရဲသီးတန်ချိန်ပေါင်း ၇၆၅၀၀ ကျော်ရှိပြီး မူဆယ် စခန်းအနေနဲ့ကတော့ သခွားမွှေး ၃၇၄၃၀ တန်၊ စပျစ်သီး ၆၇ တန်၊ အုန်းသီး ၁၈ တန်ခွဲနဲ့ ရွှေဖရုံသီး ၇၁ တန် တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။

မော်မော်အောင် (MRT-DCCA)