မြန်မာ့ဆန် ပိုမိုတင်ပို့

   မြန်မာ့ဆန်တင်ပို့မှုမှာ ဖေဖော်ဝါရီလဆန်းပိုင်းကစပြီးတင်ပို့မှုမြင့်တက်လာခဲ့ရာ မတ်လအတွင်းမှာ တစ်ပတ်ထက် တစ်ပတ်ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။ မတ်လ ၂၁ ရက်မှ ၂၇ ရက်နေ့ထိ ရက်သတ္တပတ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉ ဒသမ ၃၃၁ သန်းဖိုးရှိ ငစိန်ဆန် ၁၇၄၆၈ တန်နဲ့ ဧည့်မထဆန် ၇၇၉၅ တန်ကျော်တင်ပို့ခဲ့ပါတယ်။  လွယ်ဂျယ်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၅၀ သန်းဖိုးရှိ ဆန် တန်ချိန် ၃၀၀၀ တင်ပို့ခဲ့ပြီး စခန်းနှစ်ခုပေါင်းမှ ဆန်တန်ချိန် ၂၈၂၆၃ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်တင်ပို့မှုထက် ၃၉၃၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ယခုရက်သတ္တပတ်မှာ ဆန်ကွဲလည်း ပိုမိုတင်ပို့နိုင်ပါတယ်။ ကန်ဒေါ်လာ ၃ ဒသမ ၁၀၃ သန်းဖိုးရှိ ဆန်ကွဲ ၉၅၇၀ တန်ကျော်ကို မူဆယ်နဲ့ လွယ်ဂျယ်မှ တင်ပို့ခဲ့ရာ မူဆယ်မှ တန် ၈၀၇၀ ၊ လွယ်ဂျယ်မှ တန် ၁၅၀၀ ဖြစ်ပါတယ်။ ယခင်တစ်ပတ်ထက် ၉၇၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။

   ပင်လယ်ရေကြောင်းကုန်သွယ်မှုမှလည်း ယခုသီတင်းပတ်မှာကန်ဒေါ်လာ ၅ ဒသမ ၇၅၇ သန်းဖိုးရှိ ဆန်ဖြူ ၁၇၈၁၀ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၅၆၅ သန်းဖိုး ရှိ ပေါင်းဆန်တန် ၁၃၀၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ မတ်လအတွင်းမှာ နယ်စပ်စခန်းများမှရော ပင်လယ်ရေကြောင်းမှပါ ယခင်လထက်ဆန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရှိရပါတယ်။

ယဉ်ယဉ်အေး MIRT(DCCA)