တရုတ်နယ်စပ်ပြောင်းတင်ပို့မှုသွက်

   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးနဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာ ရက် သတ္တပတ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၂၄၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့တန်ချိန် ၃၆၅၅၂ တန်ကျော်တင်ပို့ခဲ့ပါတယ်။  ယခင်ရက်သတ္တပတ်က မူဆယ်နဲ့ ချင်းရွှေဟော် စခန်းနှစ်ခုမှ ပြောင်းဖူးစေ့ ၃၀၆၄၆ တန်သာတင်ပို့ခဲ့လို့ ယခုရက်သတ္တပတ်မှာ  တရုတ်နယ်စပ်ကပြောင်းတင်ပို့မှုတွေပိုမိုလာတယ်လို့ဆိုရပါမယ်။ မူဆယ်ကုန်စည်ဒိုင်ရဲ့ ပြောင်း တစ်တန်ဈေးဟာ ယခင်တစ်ပတ်က ၂၇၁၁၈၂ ကျပ်ရှိရာမှ ယခုတစ်ပတ်မှာတော့ ၂၇၈၂၀၇ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်လာတာတွေ့ရပါတယ်။ အရည်အသွေးပြည့်၀ တဲ့  မြန်မာ့ပြောင်းတွေကို တရုတ်နိုင်ငံမှာ တိရစ္ဆာန်အစားအစာအဖြစ်လည်းကောင်း၊ အမှုန့်ကြိတ်ပြီး မုန့်ပဲသွားရည်စာအဖြစ်လည်းကောင်းပြုလုပ်စားသုံးကြတာလို့သိရပါတယ်။

မော်မော်အောင် MIRT (DCCA)