တမူးစခန်းမှ ကွမ်းသီးတင်ပို့မှု လျော့နည်း
ဇန်နဝါရီလ ၂၆ ရက်က အိန္ဒိယ နိုင်ငံရဲ့ ပြည်ထောင်စုနေ့ဖြစ်ပါတယ်။ မဏိပူရပြည်နယ်အပါအဝင် အိန္ဒိယ အရှေ့မြောက်ပြည်နယ်များရှိ လက်နက်ကိုင်သောင်းကျန်းသူများ က အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စုနေ့အား ဆန့်ကျင်ဆန္ဒပြမယ်လို့ထုတ်ပြန်ခဲ့တာကြောင့် သက်ဆိုင်ရာပြည်နယ်တစ်ဝန်းလုံးမှာ လုံခြုံရေးတပ်ဖွဲ့များ တင်းကြပ်စွာချထားလျက် ရှိပါတယ်။ ပြည်ထောင်စုနေ့အခမ်းအနားအားနှောင့်ယှက်တဲ့အနေနဲ့ လက်နက်ကိုင်သောင်းကျန်းသူများက အကြမ်းဖက်ဗုံးထောင်ဖောက်ခွဲမှုများ၊ လုံခြုံရေးတပ်ဖွဲ့များအား တိုက် ခိုက်မှုများနဲ့ ဆန္ဒပြုမှုများကို နှစ်စဉ် ပြုလုပ်လေ့ရှိကြောင်း Sangai Express သတင်းစာမှာ ဖော်ပြထားပါတယ်။
တမူး-မိုးရေးနယ်စပ်တစ်လျှောက် တစ်ဖက်နိုင်ငံမှာ အာသံတပ်မှ နေ့စဉ်ကင်းလှည့်ခြင်း၊ မိုင်းရှင်းလင်း ရှာဖွေ ခြင်း၊ မြန်မာနိုင်ငံဖက်မှဝင်ရောက်မှုများအား မှတ်ပုံတင်ကတ်နဲ့ လူခန္ဓာ ကိုယ်အနှံ့ စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိရာ တရားမဝင်ဝင်ပေါက်များမှာ ကယ်ရီဂိတ်များချထား ပြီးလုံခြုံရေးတင်းကျပ်စွာ ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်ပစ္စည်းအဝင်အထွက်များကို ၎င်းတို့အကောက်ခွန် ဌာနက တင်းကျပ်စွာဆောင်ရွက်လျက်ရှိပြီး လက်ရှိမှာ ကုန်ပစ္စည်းဝင်ထွက်မှုကို ဂိတ်အမှတ် (၁) မှ သာ ဆောင်ရွက်လျက် ရှိနေပါတယ်။ ဂိတ်အမှတ် (၁) မှ သာတင်ပို့နေကြရတဲ့အတွက် ယခင်တင်ပို့နိုင်တဲ့ ပမာဏထက်လျော့နည်းတင်ပို့နေကြရပြီး ပြည်ထောင်စုအခမ်းအနားပြီးမှသာ ယခင် အတိုင်းဆောင်ရွက်နိုင်မယ်လို့သိရပါတယ်။
နေထက်မင်း (တမူး)