မောင်တောစခန်းမှ ငါးခြောက်များ တစ်ဖက်အိမ်နီးချင်းနိုင်ငံသို့ ကန်ဒေါ်လာ တစ်သန်းသုံးသိန်းကျော်ဖိုး ယခုဘဏ္ဍာနှစ် ၁၀ လအတွင်းတင်ပို့

   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောစခန်းမှ နှစ်စဉ်ဝယ်လိုအားရှိနေတဲ့ ရေထွက်ပစ္စည်းအနက် ငါးခြောက်များကို ပွင့်လင်းရာသီတွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ ၂၀၁၄-၂၀၁၅ ဧပြီလမှ ဇန်နဝါရီလနောက်ဆုံးပတ်ထိ ငါးခြောက်တန်ချိန် ၁၈၀၀ တန်ကျော် ကန်ဒေါ်လာ တစ်သန်း သုံးသိန်းကျော်ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။

  ပွင့်လင်းရာသီဖြစ်တဲ့ စက်တင်ဘာလ၊ အောက်တိုဘာလလောက်ကစပြီး ငါးခြောက်တင်ပို့မှုများလာပါတယ်။ တစ်နှစ်မှာ ကိုးလလောက်တင်ပို့နိုင်ခဲ့ပြီး ရေထွက်ပစ္စည်းတွေ အနက် ဝယ်လိုအားအရှိဆုံး ပို့ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

   ယခုလက်ရှိမှာတော့ ရေငန်ပုစွန်ရာသီကုန်သွားပြီးဖြစ်တဲ့အတွက် ငါးခြောက်တစ်မျိုးတည်းပင် အများဆုံးတင်ပို့နေရပါတယ်။ တင်ပို့နေသည့် ငါးခြောက်များမှာ သံတွဲ၊ မြေပုံနဲ့ စစ်တွေဒေသထွက် ငါးခြောက်များဖြစ်ပါတယ်။

  မောင်တောစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်သို့တင်ပို့တဲ့ ငါးခြောက်များမှာ ငါးနီတူ၊ ငါးကုန်းညို၊ ငါးစုံကလေးခြောက်များဖြစ်ပြီး ငါးစုံကလေးခြောက်မှာ ဈေးအကောင်း ဆုံးနဲ့တင်ပို့မှုအများဆုံးဖြစ်ကြောင်း သတင်းရရှိပါတယ်။

မြင့်မြင့်မာ MIRT (DCCA)