နယ်စပ်စခန်းများမှ ဆန်တင်ပို့မှုလျော့ကျ

   နယ်စပ်ကုန်သွယ်ရေးမှ ဆန်ကိုအဓိကထားတင်ပို့လျက်ရှိတဲ့ စခန်းများကတော့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်စခန်း များဖြစ်ပါတယ်။ ယခင်သီတင်းပတ်က မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ဖြစ်တဲ့ မောင်တောစခန်းမှတင်ပို့မှုရှိသလို ယခုသီတင်းပတ်မှာလည်းတင်ပို့နိုင်ခဲ့ပါတယ်။

   ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ  ကာလအတွင်းမှာ နယ်စပ်စခန်းစုံမှ ကန်ဒေါ်လာ ၁၁ ဒသမ ၁၁၇ သန်းဖိုးရှိ ဆန်တန် ချိန် ၃၀၁၂၉ တန်ကိုတင်ပို့ခဲ့ပြီး ယခင်သီတင်းပတ် ထက် ၆၁၂၈ တန် လျော့နည်းခဲ့ပါတယ်။

  တင်ပို့မှုများကတော့ မူဆယ် (၁၀၅) မိုင်မှ ငစိန်ဆန် ၁၆၃၄၀ တန်၊ ဧည့်မထဆန် ၉၃၃၃ တန်ကျော်၊ လွယ်ဂျယ်စခန်းမှ ဧည့်မထ ဆန် ၄၂၃၄ တန်နဲ့ ချင်းရွှေဟော်စခန်းမှ ဧည့်မထဆန် ၁၉၆ တန် တင်ပို့ခဲ့ပါတယ်။

   ယခုရက်သတ္တပတ်အတွင်း   မောင်တောစခန်းမှလည်း ဧည့်မထဆန် ၂၅ တန်ကျော် တင်ပို့ခဲ့ပြီး၊ ယခင်တစ်ပတ်တင်ပို့မှု ထက် ၇၅ တန်ခန့်လျော့နည်းခဲ့ပါတယ်။

   ဆန်တင်ပို့မှုများ လျော့နည်းခဲ့သော်လည်း ယခုရက်သတ္တပတ်အတွင်း  ဆန်ကွဲတင်ပို့မှု  ပိုမိုလာတာတွေ့ရပါတယ်။ ကန် ဒေါ်လာ ၄ ဒသမ ၇၈၁ သန်းဖိုးရှိ ဆန်ကွဲ ၁၄၇၃၀ တန်ကျော်ကို မြန်မာ-တရုတ်နယ်စပ်မှ   တင်ပို့ခဲ့တာဖြစ်ပြီး တင်ပို့တဲ့ စခန်းနဲ့ ပမာဏများကတော့ မူဆယ်(၁၀၅)မိုင်မှ ၁၃၀၉၅ တန်၊ လွယ်ဂျယ် မှ တန် ၁၅၀၀ ၊ ချင်းရွှေဟော်မှ ၁၃၅ တန်ဖြစ်ပါတယ်။

    မူဆယ်မှ ဆန်နဲ့  ဆန်ကွဲအပြင် ကန်ဒေါ်လာ သုည ဒသမ ၂၂၁ သန်းဖိုးရှိ ကောက်ညင်းဆန် ၄၅၉ တန်ကိုလည်းတင်ပို့ခဲ့ပါတယ်။

ယဉ်ယဉ်အေး MIRT (DCCA)