ဒီဇင်ဘာလဆန်းမှစ၍ မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်အား ည ၉ နာရီထိတိုးချဲ့ဖွင့်လှစ်ပေးသွားမည်

   ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးမှူး  ဆွမ်ချိုင်းရန်ဆာခွန်က ဒီဇင်ဘာလ ၁ ရက်နေ့မှစပြီး နယ်စပ်ဂိတ်အား နံနက် ၆း၃၀ နာရီမှ ည ၉း၀၀ နာရီချိန်ထိ တိုးချဲ့ဖွင့်လှစ်ပေးသွား မယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့ကပြောကြားလိုက်ပါတယ်။ လက်ရှိမှာ နံနက် ၆း၃၀ မှ ညနေ ၆း၃၀ ထိသာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ လာမယ့်နှစ် ၂၀၁၅ မှာတော့ ည သန်းခေါင်ယံချိန်ထိ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

  မယ်ဆိုင်ခရိုင်မှာ နှစ်စဉ် နယ်စပ်မှ Border pass ဖြတ်ကျော်ဝင်ရောက်တဲ့ ဧည့်သည် ၅ သန်းခန့်ထိရှိတယ်လို့သိရပါတယ်။ မယ်ဆိုင်ဟာ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းစွန်း ခရိုင်ဖြစ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့နဲ့ နယ်နိမိတ်ချင်းထိစပ် လျက်ရှိပါတယ်။ မယ်ဆိုင်မြစ်က နယ် စပ်မျဉ်းအဖြစ်ပိုင်းခြားပေးထားလျက်ရှိပါတယ်။

   ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုကိုကြည့်လျှင် ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ် စက်တင်ဘာလကုန်ထိကုန်သွယ်မှုပမာဏဒေါ်လာ သုည ဒသမ ၃၇၃ ဘီလီယံ (ဘတ် ၁၂ ဒသမ ၁၅ ဘီလီယံ) ရှိပါတယ်။ ယခုကဲ့သို့ နယ်စပ်ဂိတ်ဖွင့် ပိတ်ချိန်တိုးချဲ့ပေးလိုက်ခြင်းအားဖြင့် နယ်စပ်ကုန်သွယ်မှုနဲ့ ဧည့်ခရီးသွားလာမှုတိုးတက်ရေးကို အထောက်အကူဖြစ်စေမယ် လို့မျှော်လင့်ရကြောင်း Bangkok  post အွန်လိုင်းသတင်းမှာဖော်ပြထားပါတယ်။

CMK