ရှမ်းနနွင်းအရောင်းအဝယ်ခပ်ပါးပါးသာရှိ

      ဒီတစ်ပတ်တော့ ရှမ်းနနွင်းက အရောင်းအဝယ် ခပ်ပါးပါးဖြစ်နေပါတယ်။ အောင်ပန်း နနွင်းထက် ဟိုပုံးနနွင်းက အရောင်း အဝယ်ဖြစ်နေပါတယ်။ ဟိုပုံးဈေးကွက်မှ နနွင်းတွေကို မူဆယ်ဝယ်လက်နဲ့ ရန်ကုန်ဝယ်လက်တွေက  ဝယ်ယူနေပါတယ်။ မူဆယ်ဝယ်လက်တွေက နံပါတ်(၂) လို့ခေါ်တဲ့ နနွင်းကို တစ်ပိဿာ ကျပ် ၁၁၀၀ နဲ့ဝယ်ယူပြီး ရန်ကုန်ဝယ်လက်တွေကတော့ နံပါတ်(၁)နဲ့ နံပါတ်(၂) ရောနှောထားတဲ့ နနွင်းတွေကို ကျပ် ၁၄၅၀ နဲ့ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ နနွင်းအဝင် နည်းနေပြီး လက်ကျန် နနွင်းတွေကို အရောင်းအဝယ်ပြုလုပ်နေရတယ်လို့ သိရ ပါတယ်။ နနွင်းလက်ကျန်ကလည်း တန်ချိန်ထောင်ဂဏန်းခန့်သာကျန်တယ်လို့လည်း ဈေးကွက်မှသိရပါတယ်။ ဟိုပုံးဈေးကွက်မှာ အရောင်းအဝယ်ဖြစ်သွားတဲ့ ပမာဏကတော့ မူဆယ်ဝယ်လက်တွေကို ပိဿာချိန်နှစ်သိန်းခွဲခန့်နဲ့ ရန်ကုန် ဝယ်လက်က ပိဿာချိန် ငါးသောင်းခန့်ဖြင့်စုစုပေါင်း ပိဿာချိန် သုံးသိန်းအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီတစ်ပတ်ဟိုပုံးဈေးကွက်မှာ နနွင်းတစ်ပိဿာ ပေါက်ဈေးက ကျပ်၁၁၀၀မှကျပ် ၁၅၀၀၊အောင်ပန်းဈေးကွက်မှာတော့ တစ်ပိဿာကိုကျပ် ၁၅၀၀မှကျပ်၃၅၀၀ဈေးရှိပါတယ်။

ဧဧခိုင် (တောင်ကြီး)