ထိုင်းကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုကျဆင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၀၉၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၅၉၄၇ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၆၃၄၂ တန်တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ ၃၉၅ တန်လျော့နည်းတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုကဲ့သို့ တင်ပို့မှုလျော့နည်းခဲ့ရခြင်းမှာ မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန်ပစ္စည်း များ ပိုမိုတင်ပို့နိုင်သော်လည်း မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန် သွယ်ရေးစခန်းများမှ ရေထွက်ကုန်များ တင်ပို့မှု လျော့နည်းခဲ့တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
တင်ပို့မှုကိုကြည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၅ သန်းတန်ဖိုးရှိ ရေထွက်ကုန်ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန် တန် ၉၀ ခန့်၊ မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၉၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ငါးမှုန့်၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်၊ ငါးအသားလွှာ၊ ရေခူခြောက်၊ ငါးခြောက်၊ အေးခဲငါးအသားလွှာ ၂၃၇၅ တန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၇၅ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကင်းမွန်၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ အခြား ရေထွက်ကုန် ၃၄၈၂ တန် တင်ပို့နိုင်တယ်လို့ သတင်းရရှိပါတယ်။             
ခင်မိုးသူ