အလားအလာကောင်း တောင်သူကြိုက် သီးနှံ မြေပဲ

မြေပဲကို မြေပဲဆန်အနေနဲ့ ပြည်ပကို တင်ပို့ခွင့်ပြုခဲ့တာ တစ်နှစ်ကျော်ရှိပါပြီ။ မြေပဲကို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံအားလုံးရဲ့ ၂၆ ရာခိုင်နှုန်းလောက် စိုက်ပါတယ်။ မန္တလေးတိုင်း ဒေသကြီးမှာတော့ မြေပဲကို တစ်နိုင်ငံလုံး စိုက်ဧက ၁ ဒသမ ၇ သန်းရဲ့ ၂၀ ရာခိုင်နှုန်းလောက် စိုက်ပါတယ်။ မိုးရာသီ၊ ဆောင်းရာသီတွေမှာ စိုက် ကြပါတယ်။ မိုးမြေပဲကို တိုင်းတွင်းရှိ ယာမြေများမှာ သီးသန့်ဖြစ်စေ၊ ပဲစင်းငုံ နဲ့သီးညှပ်အဖြစ် ဖြစ်စေ စိုက်လေ့ရှိပါ တယ်။ မြေပဲစိုက်ဧကက တိုင်းတွင်းမှာ မိုးရော၊ ဆောင်းရော နှစ်ခုပေါင်းဧက ၃ ဒသမ ၅၇ သိန်းစိုက်ပါတယ်။ ယခု မိုးရာသီ (၂၀၁၂ မိုးရာသီ)မှာ မိုးခေါင်တာတောင် စိုက်ဧက ၂ ဒသမ ၄၇ သိန်း စိုက်ကြပါတယ်။ အထွက်နှုန်း က တစ်ဧကကို ၃၀ တင်းမှ ၅၅ တင်း လောက် ထွက်ပါတယ်။ ဆောင်းမှာလည်း စိုက်ဧက ၁ ဒသမ ၁၀ သိန်းစိုက် ထားပါတယ်။ အထွက်နှုန်းက ပျမ်းမျှ တင်း ၅၀ လောက်ထွက်မယ်လို့ ထင်ပါတယ်။ ဈေးနှုန်းတွေက ယခင်နှစ်ကာလတူ ဈေးထက်တော့ လျော့နည်းနေပါတယ်။ မတ်လ ပထမပတ် မန္တလေးဈေးကွက် မှာ မြေပဲလုံးဆန်(အနီ) တစ်ပိဿာကို ၁၇၅၀ ကျပ် ၁၉၀၀ ကျပ်ထိရှိပါတယ်။ မြေပဲလုံးဆန်(အဖြူ) တစ်ပိဿာ ၁၇၄၀ ကျပ်-၁၉၀၀ ကျပ်၊ မြေပဲဆီဆန် တစ် ပိဿာ ၁၆၀၀ ကျပ် - ၁၈၂၅ ကျပ် ရှိပါတယ်။ မနှစ်က ဒီအချိန်မှာ မြေပဲ လုံးဆန်(အနီ)က ၂၁၅၀ ကျပ် -၂၂၂၅ ကျပ်၊ မြေပဲလုံးဆန်(အဖြူ)က ၂၁၀၀ ကျပ် - ၂၁၇၅ ကျပ်၊ ဆီဆန်က ၁၈၀၀ ကျပ် - ၂၀၀၀ ကျပ် ဖြစ်ခဲ့ပါတယ်။ မြေပဲကို ပြည်ပ တင်ပို့ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ဈေးနှုန်းလဲ ကောင်းလာတဲ့အတွက် တောင်သူတွေကလည်း ပိုမိုစိုက်ပျိုးလာတာ တွေ့ရပါတယ်။ မန္တလေး ၁၆ မိုင် ဂိတ်ကို ဖြတ်သန်းပြီး မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံထဲကို စီးဆင်းတဲ့ မြေပဲအခြေအနေက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ လကနေ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ၄၅၇၈၄ တန် ရှိပါတယ်။ ယခု နှစ် ၂၀၁၃ အစ နှစ်လအတွင်းမှာတော့ တန်ချိန် ၄၃၉၉ တန် ရှိနေပါပြီ။ ယခင် နှစ်ကလောက်တော့ မများသေးတာ တွေ့ရပါတယ်။ ပဲတီစိမ်း၊ မတ်ပဲ စိုက်တဲ့နေရာ တချို့မှာတောင်မြေပဲကို စိုက်လာတာတွေ့ရပါတယ်။ ဆောင်းမြေပဲ ထွက်ရှိမှုကလည်း ကောင်းမွန်တဲ့အတွက် လာမယ့်မိုးမြေပဲ စိုက်ပျိုးမှုက အများကြီး၊ အားကောင်းလာမယ်လို့ ခန့်မှန်းရပါတယ်။ နေပြည်တော် တပ်ကုန်း တစ်ဝိုက်မှာလည်း စပါးပြီး ပဲတီစိမ်း၊ မတ်ပဲစိုက်တဲ့ နေရာတော်တော် များများမှာ မြေပဲကို ပိုစိုက်လာကြတယ်လို့ ကုန်သည်များ အသိုင်းအဝိုင်းက ဆိုပါတယ်။ ချိုပပ-မန္တလေး