Refine Sugar လုံလောက်စွာ မထုတ်လုပ်နိုင်သည့် အတွက် ပြည်ပသို့ သကြား တင်ပို့နိုင်တော့မည် မဟုတ်

ယခုနှစ်တွင် ပြည်တွင်း၌ Refine Sugar လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသို့သကြား တင်ပို့နိုင် တော့မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြည်တွင်း၌ Refine Sugar ထုတ် လုပ်သည့် စက်ရုံမှာ ယခုနှစ်တွင် နှစ်ရုံ သာရှိသောကြောင့် ပြည်တွင်းစားသုံးမှု အတွက်သာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိ ကြောင်း အဆိုပါအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဇွန် ၂၄ ရက်တွင် ပြောသည်။ "Refine Sugar ထုတ်နိုင်တာက ကန့်ဘလူ သကြားစက်နဲ့ နဝဒေးသကြားစက် ဒီစက်ရုံနှစ်ရုံပဲရှိတယ်။ သူတို့ ထုတ်လုပ်အားကလည်း ပြည်တွင်းလိုအပ်ချက် ပြည့်ရုံလောက်ပဲ ရှိတယ်" ဟု ၎င်းက ဆိုသည်။

 

လက်ရှိ ပြည်တွင်း၌ သကြား ထုတ်လုပ်နေသည့် စက်ရုံ စုစုပေါင်း ၂၃ ရုံခန့်ရှိသော်လည်း စက်ရုံအများစုမှာ Brown Sugar ကိုသာ ထုတ်လုပ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် မေလအတွင်းက မလေးရှားနိုင်ငံ၏ စစ်မှုထမ်း ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် Kpoerast Ventera Malaysia Berhad အဖွဲ့အစည်းသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးသို့ လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံမှ ဆန်နှင့်သကြားကို ဝယ်ယူလိုသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်းသိရသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာနအနေ ဖြင့် ယင်းတွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်သည့် အဓိကအချက် များကို သက်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ချိတ်ဆက် ဆောင် ရွက်တင်ပြနိုင်ရန် အကြောင်းကြားထားကြောင်း သိရသည်။ အလားတူ ဧပြီ ၃၀ ရက်ကလည်း သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံရှိ သကြား အပါအဝင် အခြေခံ စားသောက်ကုန်စည် ၁၀ မျိုးအား ဝယ်ယူလိုသည်ဟု ကမ်းလှမ်းထားကြောင်း သိရသည်။

 

ပန်းဆု