ဒေါ်လာငွေလဲနှုန်း ကျပ် ၁၃၂၀ ကျော်အထိ ရောက်ရှိ

       ယခုနှစ် ဇန်နဝါရီလမှစတင်ကာ ဈေးနှုန်းကျဆင်းလာခဲ့သော ပြည်တွင်း ငွေလဲနှုန်းသည် ဖေဖော်ဝါရီလဆန်းအထိဈေးဆက်ကျခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်း ရည်ညွှန်းငွေလဲနှုန်းကို  အမေရိကန် တစ်ဒေါ်လာ ၁၃၄၀ ကျပ်မှ ၁၃၂၉ ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ယခုတစ်ပတ်တွင် အမေရိကန် အစိုးရအနေဖြင့် စစ်ဘက်ဆိုင်ရာအသုံးစရိတ် ကို ဒေါ်လာ ၁ ဒသမ၅ ထရီလီယံသတ်မှတ်ခြင်း၊ လာမည့်နှစ်တွင် အမေရိကန်အစိုးရ ဘတ်ဂျက်လိုငွေပမာဏ ၁ထရီလီယံထိ  ရောက်ရှိ လာနိုင်ဟူသော ခန့်မှန်းချက်တို့ ကြောင့်  နိုင်ငံတကာဈေးကွက်အတွင်း ဒေါ်လာငွေတန်ဖိုး  ကျဆင်းခဲ့ရကြောင်း သိရသည်။ ပြည်တွင်းဈေးကွက်တွင်လည်း အမေရိကန်ဒေါ်လာဝယ်လိုအား ကျ ဆင်းခဲ့ကာ ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းနေကြောင်း ဈေး ကွက်အတွင်းမှ သိရ သည်။ ပြည်တွင်းငွေလဲနှုန်းဈေးကွက်တွင် ဇန်နဝါရီ  ၂၉ ရက်က အမေရိကန်တစ် ဒေါ်လာ ရောင်းဈေး ၁၃၂၃ကျပ်၊ ဝယ်ဈေး ၁၃၂၀ ကျပ်၊  ဇန်နဝါရီ ၃၁ရက်တွင် အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၃၂၉ ကျပ်၊ ဝယ်ဈေး ၁၃၂၇ ကျပ်ထိ ဈေး အနည်းငယ်တက်ခဲ့ပေမယ့် ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၃၂၈ကျပ်၊ ဝယ်ဈေး ၁၃၂၆ကျပ်ဖြင့် ဈေးပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်