အာဆီယံ စီးပွားရေးအသိုက်အဝန်းနှင့် CLMV နိုင်ငံများ

ဒေဝေါကြီးကို ကြောက်လန့်ခြင်း

           ၂၀၁၇ ခုနှစ်ကုန်ခါနီးတော့ မြန်မာနိုင်ငံက စီးပွားရေးလောကသားအချို့ဟာ၂၀၁၈ ခုနှစ် ရောက်မှာကို ကြောက်နေကြတယ်။ ဘာကြောင့်ပါလဲ။၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဟာ အာဆီယံစီးပွားရေးအသိုက် အဝန်း ကို  အပြည့် အ၀ အကောင်အထည်ဖော်ရတော့မှာမို့လိုပါ။ တကယ်တော့ အာဆီယံစီးပွားရေးအသိုက်အဝန်း က ၂၀၁၅ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့ပါပြီ။  ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး အသိုက်အဝန်းမှာ ထားရှိခဲ့တဲ့ မျှော်မှ န်းချက်ကတော့  အာဆီယံ ကို တစ်ခုတည်းသော ဈေးကွက်နှင့်ထုတ်လုပ်မှု များ၏ အခြေခံဒေသဖြစ်ရန်၊ ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချနိုင်စွမ်းမြင့်မားသည့် စီးပွားရေး ဒေသ ဖြစ်ရန်၊ မျှတသည့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒေသဖြ စ်ရန်၊ ကမ္ဘာ့စီးပွားရေးစနစ်တွင် အပြည့် အဝပါဝင်သော ဒေသဖြစ်ရန်ဖြစ်ပါတယ်။   ဒါပေ မယ့် အာဆီယံစီးပွားရေးအသိုက်အဝန်းမှာ အာဆီယံနိုင်ငံအသစ်များဖြစ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ် (CLMV)တို့ကို အထူးအခွင့်အရေးပေးတဲ့အနေနဲ့ ၂၀၁၈ခုနှစ် အထိ လိုက်နာ အကောင်အထည်ဖော်ရမယ့် တာဝန်တွေကို ရွှေ့ဆိုင်းပေးခဲ့တာပါ။ ဒီလိုအချိန် ပေးထားပေမယ့် လိုက်နာရမယ့်အချက်တွေကို အကောင်အထည်မဖော်ခဲ့တဲ့ နိုင်ငံတွေ ကတော့ အိပ်ရာကနိုးထလာပြီး ၂၀၁၈ ရောက်မှာ ကြောက် လန့်နေကြတယ်။ တချို့က ကျွန်တော်တို့ငယ်ငယ် က လူကြီးမိဘတွေ ခြောက်လှန့်ခဲ့သလို အာဆီယံ စီးပွားရေးအသိုက်အဝန်းကို ဒေဝေါကြီးတစ်ခုလို ခြောက်လှန့်ေ နကြတယ်။ ငယ်ငယ်က ဒေဝေါကြီးကို ဘာကြီးမှန်းမသိပေမယ့်  ကျွန်တော်တို့ ကြောက်ခဲ့ကြတယ်။ တခြားနိုင်ငံတွေနဲ့ ပြိုင်ဆိုင်ဖို့ မကြိုးစားဘဲ သူများပြိုင်လာမှာကို  မလိုလားသူ တွေကတော့ ပြည်တွင်းလုပ်ငန်းတွေပျက်စီးကုန် တော့မှာပဲဆိုပြီး ရင်မဆိုင်ရသေးခင်မှာ ကြောက် လန့်နေကြပါတယ်။ တကယ်တော့ အာဆီယံ အသိုက်အဝန်းဟာ  ကြိုဆိုသင့်တဲ့ အရာဖြစ်ပြီး ကြောက်လန့်စရာမလိုပါဘူး။ အာဆီယံအသိုက် အဝန်းဟာ ရေတိုစိန်ခေါ်မှုတွေ ရှိကောင်းရှိပေမယ့် ကာလရှည်မှာတော့ တကယ့်ကို အကျိုးရှိ နိုင်တဲ့အခွင့်အလမ်းပါ။

       မြန်မာနိုင်ငံ အာဆီယံဝင်ခါစ ၁၉၉၇ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံသမ္မတရာမို့စ် ပြောခဲ့ဖူးတာရှိတယ်။ အနာဂတ်မှာ စစ်ပွဲဆိုတာ စစ်မြေပြင်မှာ တိုက်ရမှာမဟုတ်ဘဲ ကော်ပိုရေးရှင်းတွေရဲ့ ဘုတ် အဖွဲ့ရုံးခန်းတွေမှာ တိုက်ရမှာလို့ဆို ခဲ့တယ်။ ထိုင်း နိုင်ငံခေါင်းဆောင်တွေကတော့ နယ်နိမိတ်ဆိုတာ အရေးမကြီးပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံဟာ အသိုက်အဝန်းတစ်ခုဖြစ်လာလို့ ဖြစ်ပါတယ်။ အာဆီယံအသိုက်အဝန်းဖြစ်လာလို့ စီးပွားရေးမှာ ယှဉ်ပြိုင် ထုတ်လုပ်ရောင်းချရေးဟာသာ  အရေး ကြီးတယ်လို့ ဆိုပါတယ်။ ပြိုင်ဆိုင်မှုဟာ ရေတိုမှာ စွမ်းရည်မပြည့်တဲ့ လုပ်ငန်းအချို့ကို ပျောက်ပျက် စေနိုင်တယ်။ ဒါပေမဲ့ survival of the fittest ဆိုတဲ့ ဒါဝင်သီအိုရီရဲ့စကားလို  ပြိုင်ဆိုင် မှုမှာ ကြံ့ကြံ့ခံ နိုင်အောင်၊ စွမ်းရည်ပြည့်အောင် ကြိုးစားကြရမယ်။ ဒါမှရေရှည် တည်တံ့ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုဟာ ကာလတိုမှာ စီးပွားရေးလုပ်ငန်းအချို့ ပျောက်ကွယ်သွားစေနိုင်ပေမယ့် အခွင့် အလမ်း  အသစ်ေ တွကြောင့် ပိုမိုကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်းအသစ်တွေနဲ့ အစားထိုးလာ ကြမှာပါပဲ။ နိုင်ငံတွေက သက်နုတဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးရင်းပေးရင်းနဲ့ ဒီလုပ်ငန်းတွေဟာ ကြီးထွားရင့်ကျက်မလာဘဲ ဒုံရင်းဒုံရင်းဖြစ်နေ တဲ့သာဓကတွေ အများကြီးရှိခဲ့ပါတယ်။ ပြိုင်ဆိုင် မှုကသာ တိုးတက်မှုကို   ကြံဆောင်ပေးနိုင်မှာဖြစ်ပါ တယ်။

        အတိတ်ကတော့ နိုင်ငံတွေဟာ မိမိနိုင်ငံက သက်နုလုပ်ငန်း(infant industry ) တွေကို အကာအကွယ် ပေးဖို့ဆိုပြီး  အကောက်အခွန်အတား အဆီးတွေ၊ အကောက်ခွန်မဟုတ်တဲ့ ကုန်သွယ်မှု အတားအဆီးတွေနဲ့ ကာကွ ယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကုန်သွယ်မှုမှာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ပေးခြင်းကနေ အကျိုးရှိတယ်ဆိုတာကို သိလာကြတော့ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တွေ တည်ထောင်လာပြီး လွတ်လပ်စွာ ကုန်သွယ်မှုကို ဆောင် ရွက်လာကြတယ်။ တစ်ဖန် ကမ္ဘာ့နိုင်ငံအားလုံးနဲ့  ကုန်သွယ်မှုလွတ်လပ်ခွင့် ပေးဖို့ စေ့စပ်ညှိနှိုင်းရတာ  နှေးကွေးတယ်ဆိုပြီး ဒေသဆိုင်ရာလွတ်လပ်စွာကုန်သွယ်မှု အစီအစဉ် တွေ၊ နှစ်နိုင်ငံချင်းဆိုင်ရာ ကုန်သွယ်မှု အစီအစဉ် တွေကို ထူထောင်လာကြပါတယ်။ အာဆီယံဟာ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့ရဲ့ နိုင်ငံစုံ လွတ်လပ်စွာ ကုန်သွယ်မှုကို အားပေးခဲ့သလို၊ အာဆီယံနိုင်ငံများ အချင်းချင်း လွတ်လပ်တဲ့ကုန်သွယ်မှုဧရိယာကို လည်း ထူထောင်နိုင်ကြပြီး  အာဆီယံစီးပွားရေး အသိုက်အဝန်းကို ၂၀၁၅ မှာ ထူထောင်နိုင်ခဲ့ကြပါ တယ်။  ကမ္ဘောဒီးယား၊  လာအို၊ မြန်မာနဲ့ ဗီယက်နမ် (CLMV) တို့ကလည်း ၂၀၁၈ခုနှစ်မှာ အာဆီယံရဲ့ အကောက်အခွန်လျှော့ချရေး အစီအစဉ်ကို  လိုက်နာ ကြတော့မှာမို့  အာဆီယံနိုင်ငံ အချင်းချင်းကုန်သွယ်ရင် အကောက်ခွန်လုံးဝပေး စရာမလိုတော့တဲ့ အခြေအနေကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဒါကိုပြည်တွင်းက လုပ်ငန်းရှင် အချို့ ဟာ အာဆီယံနိုင်ငံတွေနဲ့ပြိုင်နိုင်မှာ မဟုတ် ဘူး၊ ပြည်တွင်းဈေးကွက်တွေတော့ ပျက်တော့မှာပဲဆို တဲ့ ဒေဝေါကြီးကိုကြောက်တဲ့ ခြောက်လုံးတွေနဲ့ ခြောက်လှန့်နေကြတယ်။

         ကုန်သွယ်ရေးကြောင့် ထိခိုက်မယ်ပြောပေ မယ့် အာဆီယံနိုင်ငံတွေဟာ နိုင်ငံတကာ ကုန်သွယ်ရေးကို အခြေပြုပြီး စီးပွားရေးတိုးတက်မှု ရရှိခဲ့တာ မငြင်းနိုင်တဲ့ သာဓကပါ။ ၂၀၁၆ ခုနှစ် မှာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးတိုး တက်မှုဟာ ၃ ဒသမ ၁ ရာခိုင်နှုန်းရှိချိန်မှာ အာဆီယံဟာ ၄ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာလည်းဒီနှုန်းကို ဆက်လက်ထိန်းထားနိုင်မယ် လို့ဆိုပါတယ်။ အာဆီယံနိုင်ငံများရဲ့ စီးပွားရေး တိုးတက်မှုမှာ အဓိ ကတွန်းအားကတော့ ပြည်သူ များရဲ့ သုံးစွဲမှုမြင့်တက်လာခြင်းနဲ့ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုများကြောင့် ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံများရဲ့ စုစုပေါင်း ထုတ်ကုန်တန်ဖိုး (ဂျီဒီပီ)ဟာ ၂၀၀၀ခုနှစ်မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၂ ထရီလီယံသာရှိခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅ ထရီ လီယံအထိ တိုးတက်လာပါတယ်။ ခုနစ်နှစ်အတွင်းမှာ တစ်နှစ်ကိုပျမ်းမျှ ၅ဒသမ၃ ရာခိုင်နှုန်းနဲ့ တိုးတက်လာတာဖြစ်ပါတယ်။ ကုန်သွယ် မှုအပိုင်း မှာ ကြည့်ရင်လည်း အာဆီယံ အချင်းချင်းကုန်သွယ် မှုဟာ ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၇၆ ဘီလီယံရှိခဲ့ပေမယ့်  ၂၀၁၇ ခုနှစ်ရောက်တော့ အမေရိကန်ဒေါ်လာ ၅၂၀ ဒသမ ၉၆ ဘီလီယံရှိ လာပါတယ်။ ဒီပမာ ဏဟာ အာဆီယံစုစုပေါင်း ကုန်သွယ်မှုရဲ့ ၂၃ ဒသမ ၄၈ ရာခိုင်နှုန်းမျှရှိတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။  ဒါဟာတစ်လုံးတစ်စည်းတည်းသော ဈေးကွက်ဖြစ်လာတဲ့ အာဆီယံ စီးပွားရေးအသိုက်အဝန်းကရတဲ့ အကျိုးလို့ဆိုနိုင် ပါတယ်။

အာဆီယံကပေးတဲ့အကျိုးကျေးဇူးများ

(Benefits from ASEAN)


       အာဆီယံကို နောက်ဆုံးမှအဖွဲ့ဝင် ဖြစ်လာ ပြီး ဖွံ့ဖြိုးမှုနည်းပါတယ်ဆိုတဲ့ CLMV လို့ခေါ်တဲ့ နိုင်ငံတွေကိုကြည့်ပါ။ ဗီယက်နမ်က အာရှကျား (Asian Tiger) တစ်ကောင် ဖြစ်လာခဲ့ပြီး လျင်မြန် စွာတိုးတက်နေပါတယ်။ ဈေး ကွက်ကို ဖွင့်ပေးနိုင် တော့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံက အမာတာကုမ္ပဏီ(Amata)ရဲ့အထူးစီးပွားရေးဇုန် ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်။ အင်ဒိုနီး ရှားနိုင်ငံကဆီးမင်း ကုမ္ပဏီဟာ ဒေါ်လာသန်း ၂၀၀ တန် ဘိလ ပ်မြေစက်ရုံကို ဗီယက်နမ်မှာ တည်ဆောက်နိုင်ခဲ့တယ်။ အာဆီယံအပေါင်းတစ် (ASEAN+1) နိုင်ငံဖြစ်တဲ့ ကိုရီးယားသမ္မတနိုင်ငံက ဆမ်ဆောင်းကုမ္ပဏီဟာ ဗီယက်နမ်နိုင်ငံမှာ လက်ကိုင်ဖုန်းစက်ရုံကို ထူထောင်နိုင် ခဲ့တယ်။ နော က် ဆုံးပေါ် ဆမ်ဆောင်းဂလက်ဆီ (S8+) ဖုန်းကို သားဖြစ်သူက မကြာခင် အောက်တိုဘာလအတွင်းက လက်ဆောင်ပေးခဲ့တယ်။ တယ်လီဖုန်း ထည့်တဲ့ဘူးကို ကြည့်လိုက်တော့ ဗီယက်နမ်မှာလုပ်သည် (Made in Vietnam) တဲ့။ တကယ်တော့ ဒီလုပ်ငန်းသုံးခုစလုံးဟာ မြန်မာနိုင်ငံမှာထူထောင် ဖို့ ပထမဦးဆုံး ချဉ်းကပ်ခဲ့တဲ့ လုပ်ငန်းတွေပါ။ မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကလွန်ခဲ့တဲ့နှစ် ၂၀ အတွင်း စဉ်ဆက်မပြတ် တိုးတက်မှုရရှိခဲ့တာကြောင့် အာရှကျားအဖြစ် ပေါ်လာတော့မယ်လို့ ကြွေးကြော်နေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ စင်ကာပူနိုင်ငံက တစ်နှစ်လျှင် တစ်ဦးကျဝင်ငွေ အမေရိကန် ဒေါ်လာ  ၅၂၉၆၂ ဒသမ ၆ ဖြင့် အမြင့်ဆုံးဖြစ်ေ နပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ  ၁၂၉၇ ဒသမ ၁၊ ကမ္ဘောဒီးယားနိုင်ငံက အာဆီယံထဲမှာ အနည်းဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၁၂၆၆ ဒသမ ၃ နဲ့ရပ်တည်နေတာဖြစ်ပါတယ်။ ကုန်းတွင်းပိတ်ပြီးနိုင်ငံမှာ သဘာဝသယံ ဇာတ အရင်းအမြစ်များစွာမရှိလို့ ကုန်သွယ်ရေးမှာ အားလုံးကို ဖွင့်ပေးခဲ့တဲ့ လာအိုနိုင်ငံတောင် မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံကိုဖြတ်ကျော်ပြီး တစ်ဦးကျ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀၂ ဒသမ ၈  ဒေါ်လာကို ရောက်ရှိနေ တာကို အံ့သြဖွယ်တွေ့ရပါတယ်။ CLMV ထဲက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ထက်တောင် လာအိုက တစ်ဦးကျဝင်ငွေ ပိုမိုမြင့်နေတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့အက်စ်ကက်ပ် ရဲ့ ကုန်သွယ်မှုနဲ့ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်း အဝေးမှာ လာအိုက ၂၀၂၀ မှာ ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံမှ လွတ်မြောက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ဘွဲ့ရတော့မယ် (graduation)လို့ ဆိုပါတယ်။  

အကျိုးရအောင် ဘာတွေလုပ်မလဲ

(Getting Benefits)


         အာဆီယံက  အကျိုးကျေးဇူးရရှိအောင် အာဆီယံနိုင်ငံများထဲက CLMV နိုင်ငံများဟာ သိသူဖော်စား နေကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း အာဆီယံကပေးတဲ့  အကျိုးကျေးဇူးများကိုရယူလိုလျှင် ယှဉ်ပြိုင်နို င်စွမ်းအား (Enabling Environment) ကို ဖန်တီး ယူရပါလိမ့်မယ်။ ဒီလိုဆောင်ရွက်ရာမှာ အောက်ပါအချက်များ ကိုထည့်သွင်း စဉ်းစားဖို့လိုပါမယ်-



(က)    ကူးသန်းရောင်းဝယ်မှုစရိတ်များကို လျှော့ ချခြင်း (Reducing Transaction Cost)

         အာဆီယံနိုင်ငံများရဲ့ ထုတ်လုပ်ရောင်းချရာမှ ဖြစ်ပေါ်လာတဲ့ ကုန်ကျစရိတ်များကို လေ့လာရာ မှာ ထိုင်းနိုင်ငံရဲ့ထုတ်လုပ်ရောင်းချမှုစရိတ်ဟာ ပစ္စည်းတန်ဖိုးရဲ့ ၈ ရာခိုင်နှုန်းရှိနေပြီး မြန်မာနိုင်ငံ မှာတော့ ၄၀ ရာခိုင်နှုန်း ရှိနေတယ်လို့ဆိုပါတယ်။ ထုတ်လုပ်ရောင်းချမှုစရိတ်တွေ ကြီးမြင့်တာ ကြောင့် မြန်မာနိုင်ငံဟာ အာဆီယံမှာ ယှဉ်ပြိုင် မရောင်းချနိုင်တဲ့ အနေအထားရှိနေပါတယ်။ ထုတ်လုပ်ရောင်းချစရိတ်ကို လျှော့ချနိုင်အောင် ဈေးသက်သာ တဲ့ သယ်ယူပို့ဆောင်မှုကို ပိုမိုအသုံး ပြုရမှာ ဖြစ်ပါတယ်။ သယ်ယူပို့ဆောင်မှုမှာ ရေကြောင်းခရီးဟာ ဈေးအသက်သာဆုံးဖြစ်ပြီး မီးရထားက ဒုတိယ၊ ကုန်းလမ်းက တတိယနဲ့ လေ ကြောင်းလမ်းက စတုတ္ထလိုက်ပါတယ်။ မြစ်၊ ချောင်း၊ ပင်လယ်အဆက်အသွယ်ရှိတဲ့ မြန်မာ နိုင်ငံအတွက် ရေကြောင်းကိုသုံးရင် ကုန်ကျစရိတ် သက်သာနိုင်ပါတယ်။ ဒါ့အပြင် သိုလှောင်ရုံတွေ၊ အအေးခန်းတွေ၊ ကုန်းတွင်းဆိပ်ကမ်းများ၊ bonded warehouses ၊  ရေနက် ဆိပ်ကမ်းများ၊ လျှပ်စစ်မီး စတာတွေရရှိအောင် ဆောင်ရွက်ပေး ခြင်းဟာ ကုန်ကျစရိတ်ကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ လွယ်ကူစေဖို့ ကြိုးနီစနစ်များကို လျှော့ချဖို့လည်း လိုပါတယ်။ မြန် မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး လုပ်ငန်းဆောင်ရွက်ရန် လွယ်ကူမှု အညွှန်းကိန်း  (Ease of Doing Business)မှာ ၂၀၂၀ ခုနှစ်ရောက်ရင် လက်ရှိ ၁၇၁ အဆင့်ကနေ ၁၀၀ အောက် ရောက်ရှိအောင် ရည်မှန်းချက်ထား ကြိုးစားမှုမှာ ထုတ်လုပ်ရောင်းဝယ်မှုမှာ ကုန်ကျ စရိတ်များကို လျှော့ချစေနိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊  ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်လွယ်ကူမှု အညွန်းကိန်းမှာ အာဆီယံ နိုင်ငံများဖြစ်တဲ့ စင်ကာပူနိုင်ငံက ၂၀၁၇ ခုနှစ် မှာ ဒုတိယနေရာ၊ မလေးရှားက ၂၄၊ ထိုင်းနိုင်ငံက ၂၆ ၊ ဘရူနိုင်းက ၅၆၊ ဗီယက်နမ်က ၆၈၊ အင်ဒိုနီးရှား က ၇၂၊ ဖိလစ်ပိုင်က ၁၁၃၊ ကမ္ဘောဒီးယားက ၁၃၅၊ လာအိုက၁၄၁ ရှိနေကြတာ တွေ့ရပါတယ်။ အင်ဒိုနီး ရှားနိုင်ငံသမ္မတ ဂျိုကို ဝီဒိုဒို တက်လာစဉ် က သူ့နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်လွယ်ကူမှုအညွှန်းကိန်း ၁၀၉ ဖြစ်နေတာကို သူ့ သမ္မတသက်တမ်းကုန်မယ့် ၂၀၁၉ ခုနှစ်မှာ ၄၀ ရောက်အောင်ချမယ်လို့ ရည်မှန်းခဲ့ပါ တယ်။ ၂၀၁၇ ခုနှစ်မှာ အင်ဒိုနီးရှား နိုင်ငံရဲ့အဆင့်ဟာ ၇၂ အထိကျလာလို့ အဆင့် ၄၀ ရောက်မယ့် မျှော်မှန်းချက်ဟာ မဝေးတော့ဘူးလို့ ဆိုနိုင်ပါ တယ်။ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ရည်မှန်းချက်တစ်ခုကတော့ အာဆီယံ နိုင်ငံများမှ ကုန်သွယ်မှုကုန်ကျစရိတ် (Trade Transaction Cost) ကို ၂၀၂၀ခုနှစ်မှာ ၁၀ ရာခိုင် နှုန်းလျှော့ချဖို့ ဖြစ်ပါတယ်။ ဒီလိုလျှော့ချနိုင်တာ နဲ့အမျှ အာ ဆီယံရဲ့ ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချ နိုင်စွမ်းဟာ တိုးတက်လာမှာ ဖြစ်ပါတယ်။  (ဆက်လက်ဖော်ပြပါမည်)

 

အောင်ထူး