၂၀၁၆ ခုနှစ် နှောင်းပိုင်းမှာ ကမ္ဘာ့ရေနံစိမ်းဈေးကွက်ရောင်းလိုအားနဲ့ ဝယ်လိုအားချိန်သားကိုက်ညီသွားမယ်လို့ အိုပက်အဖွဲ့ က သုံးသပ်

         ဝယ်လိုအားမြင့်တက်ပြီး  ရောင်းလိုအားတွေကျဆင်းသွားမှာ ဖြစ်တဲ့အတွက် ယခုနှစ်  ဒုတိယနှစ်ဝက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးကွက်အနေအထားက ရောင်းလိုအားနဲ့  ဝယ်လိုအားချိန်သား ကိုက်ညီမယ်လို့  အိုပက်အဖွဲ့က ရှုမြင်ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော်ပြပါတယ်။  အိုပက်အဖွဲ့ရဲ့ ရှုမြင်သုံးသပ်ချက်က ယခုလအတွင်းက အိုပက်အဖွဲ့ဝန်ကြီးများရဲ့ အစည်းအဝေးမှာ ဖော်ပြခဲ့တဲ့ ဝန်ကြီးများရဲ့ ရှုမြင်သုံးသပ်ချက်များကို ထင်ဟပ် ဖော်ပြ လျက် ရှိကြောင်းလည်း သတင်း မှာ ဖော်ပြပါတယ်။
         ကမ္ဘာ့ရေနံစိမ်း ရောင်းလိုအားနဲ့  ဝယ်လိုအားက ၂၀၁၆ ခုနှစ်မှာ အပြောင်းအလဲရှိမှာ  မဟုတ်ကြောင်း ယခုလထုတ်ပြန်တဲ့ လစဉ်အစီရင်ခံစာ မှာ ရေနံတင်ပို့တဲ့ နိုင်ငံများအဖွဲ့ (အိုပက်)က ဖော်ပြထားပါတယ်။ နိုင်ဂျီးရီး ယားနိုင်ငံမှာ ဖြစ်ပေါ် နေတဲ့ အုံကြွမှုတွေကြောင့် မေလ အတွင်းက အိုပက်အဖွဲ့ရဲ့ထုတ်လုပ်မှုကို တစ်ရက်စည် ၃၂ ဒသမ ၃၆ သန်းအထိ ကျဆင်းသွားစေခဲ့ပါတယ်။  ဒုတိယ နှစ်ဝက်အတွင်းမှာ  ပျမ်းမျှခြင်းအားဖြင့် ဝယ်လိုအား ရှိမယ်လို့ ရည်မှန်းထားတဲ့ ၃၂ ဒသမ ၆ သန်းအောက် အနည်းငယ် ကျဆင်းခဲ့ပါတယ်။
       "ကမ္ဘာစီးပွားရေး အခြေအနေမှာ မျှော်မှန်းထားတဲ့ တိုးတက်မှုတွေရရှိ လာမယ်ဆိုရင် နှစ်အကုန်မှာ ရေနံ ဈေးကွက်ရဲ့ အခြေအနေကချိန်သား ကိုက်ညီသွားမယ့် အခြေအနေရှိနေပါ တယ်။ လာမယ့်သုံးလပတ်ကာလတွေ မှာ  ဈေးကွက်မှာ ရောင်းလိုအားပိုလျှံ မှုတွေတဖြည်းဖြည်း နည်းသွားလိမ့်မယ် လို့ခန့်မှန်းထားပါတယ်"လို့ အိုပက် အဖွဲ့ရဲ့ ဗီယင်နာအခြေစိုက် သုတေသန အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဉာဏ်တင်