ထိုင်းအစိုးရရဲ့ ဆန်ဝယ်ယူမှုကို ဝေဖန်ခံနေရ

Tue, 05/07/2013 - 07:58 -- admin

ထိုင်းနိုင်ငံမှာ ဆန်တင်ပို့တဲ့လုပ်ငန်းရှင်တွေအတွက် ၂၀၁၁ ခုနှစ်က အခြေအနေကောင်းခဲ့ပြီး ဝယ်လိုအား ခိုင်မာတဲ့ အတွက် ထိုင်းကုန်သည်တွေက ကမ္ဘာ့ဆန်ဈေးကွက်ကို ထိန်းချုပ်လွှမ်းမိုးနိုင်ကြောင်း ထိုင်းဆန်တင်ပို့နေတဲ့ Uthai Produce ရဲ့ ဥက္ကဌ ချာရိုအန်လောင်သာမာတာကပြောပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ အခြေအနေပြောင်းလဲခဲ့ပါတယ်။ အဓိက လက်သည်က ပြည်တွင်းလယ်သမားတွေဆီက ဈေးကြီးပေးပြီးဝယ်ယူတဲ့ အစိုးရရဲ့ မူဝါဒဖြစ်ပါတယ်။ ကျေးလက်ဒေသရဲ့ ဝင်ငွေတိုးလာအောင် အစိုးရက ရည်ရွယ်လုပ်ဆောင်ခဲ့တယ်လို့ဆိုပေမဲ့ ထိုင်းဆန်တွေက ပြည်ပမှာဗီယက်နမ်နဲ့ အိန္ဒိယကို မယှဉ်နိုင်အောင် ဖြစ်ခဲ့ပါတယ်။
လူ့ပယောဂကြောင့်ဖြစ်တဲ့ ဈေးနှုန်းမြင့်တက်မှုကြောင့် ထိုင်းဆန်တင်ပို့မှုက ၂၀၁၂ ခုနှစ်မှာ ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ၂၀၁၃ ခုနှစ်ပထမ ရက်သတ္တပတ် ၁၄ ပတ်မှာ ယခင်နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁၃ ဒသမ ၃ ရာခိုင်နှုန်းရှိတယ်လို့ ထိုင်းဆန်တင်ပို့သူများ အသင်းကပြောပါတယ်။
ထိုင်းဆန်ကို အပိုကြေးထပ်ပေးမဝယ်လိုကြတဲ့အတွက် ထိုင်းအစိုးရလက်ဝယ်မှာ ဆန်တန် ၁၈ သန်းရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ လယ်ယာစိုက်ပျိုးရေးဌာနက ပြောပါတယ်။
"သာမန်အားဖြင့် ဆန်ကိုတစ်နှစ်လောက်ပဲ လှောင်ထားလို့ကောင်းပါတယ်။ ဒီထက်ကျော်သွားရင် အရည်အသွေး ကျပြီး ဆိုးဝါးသွားပါတယ်။ ဒီထက်ကျော်သွားရင် အရည်အသွေးက ၅၀ ရာခိုင်နှုန်းကျသွားပါတယ်။ ဆန်က အဝါပေါက်ပြီး ပိုးဝင်တတ်ပါတယ်" လို့ Novel Commodity ရဲ့ ဒါရိုက်တာတစ်ဦးက ပြောပါတယ်။
ဆန်ကိုလွတ်လပ်တဲ့ ဈေးကွက်မှာရောင်းချဖို့ထက် ထိုင်းအစိုးရက ဆန်ကိုအစိုးရချင်းဆက်သွယ်ရောင်းချဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ဒီလိုရောင်းတဲ့အခါ ဈေးနှုန်းကိုလျှို့ဝှက်ထားလေ့ရှိပါတယ်။ အိုင်ဗိုရီကို့စ်နိုင်ငံက ထိုင်းဆန်ကို ဝယ်ယူခဲ့ရာလေးလအတွင်းဆန် ၃၈၅၀၀ တန်ဝယ်ယူပြီးတဲ့နောက် အရည်အသွေးပြဿနာကြောင့် ဆန်တန်ချိန်အလဟဿ ဖြစ်ခဲ့ရတယ်လို့ အိုင်ဗိုရီကို့စ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဆန် ၈၀ ရာခိုင်နှုန်း လောက်က သိုလှောင်ရုံတွေထဲမှာပဲ အောင်းနေဆဲဖြစ်ကြောင်း ဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောပါတယ်။
၂၀၀၈ ခုနှစ်က ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ပြတ်လပ်မှုဖြစ်တဲ့အတွက် ကမ္ဘာမှာဆန် ဒုတိယအများဆုံးထုတ်လုပ်တဲ့ အိန္ဒိယအစိုးရက ဆန်ပြည်ပတင်ပို့မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ ဒါကြောင့် ထိုင်းအစိုးရက ဈေးနှုန်းမြှင့်တင်ဖို့ ကြေညာတဲ့ အချိန်တုန်းက အိန္ဒိယနဲ့ ယှဉ်ပြိုင်စရာမလိုဘဲရှိခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံက ပိတ်ပင်ထားတာကို ၂၀၁၁ ခုနှစ်မှာ ပြန်ဖွင့်ပေးခဲ့ ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယဆန်တွေဈေးကွက်ထဲ လှိမ့်ဝင်လာခဲ့ပါတယ်။ ဒါကြောင့် ထိုင်းဆန်တွေဈေးချပေးရဖို့ ဖြစ်လာပါတယ်။
ထိုင်းနိုင်ငံက တင်ပို့တဲ့ဆန်ကိုဈေးမချရင် ဝယ်သူမရှိဘဲဖြစ်နေပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကိုချရောင်းရင်လည်း အမေရိကန်နဲ့ တခြားနိုင်ငံတွေကတန်ပြန်စုပုံရောင်းချမှုအတွက် ပြစ်ဒဏ်ချမှတ်ဖို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို တိုင်တန်း တာတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်ကရနိုင်တဲ့ ပမာဏကျဆင်းလာတဲ့အတွက် ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေက ထိုင်းနိုင်ငံ ပြင်ပဆန်ကို တစ်လတစ်လမှာ အနည်းဆုံးတန်ချိန် ၃၀၀၀၀၀ ဝယ်ရောင်းလုပ်နေရပါတယ်။ ယခုအခါ ထိုင်းနိုင်ငံ ကတစ်လကို ဆန်တန်ချိန် ၅၀၀၀၀၀ တင်ပို့လျက်ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်က တစ်လကို ဆန် ၁ ဒသမ ၁ သန်း တင်ပို့ရာကနေ ကျဆင်းလာတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ကမ္ဘာပေါ်မှာ ဆန်အများဆုံး တင်ပို့တဲ့ နိုင်ငံအဖြစ် ဆယ်စုနှစ်များစွာရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ်က အိန္ဒိယနဲ့ ဗီယက်နမ်က ထိုင်းနိုင်ငံကို ကျော်တက်ခဲ့ပါတယ်။
ယခုအခါ ထိုင်းနိုင်ငံရဲ့ ငါးမှတ်ဆန် FOB ဈေးကတစ်တန်ကို ၅၄၅ ဒေါ်လာနှုန်းရှိနေပြီး ဗီယက်နမ်တစ်တန် ကို ၃၈၅ ဒေါ်လာနှုန်းနဲ့ ရောင်းနေပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့က တစ်တန်ကို ၄၃၆ ဒေါ်လာနဲ့ ၄၂၂ ဒေါ်လာ နှုန်းပေးနေပါတယ်။ထိုင်း Jasminaine ဆန်ရဲ့ တစ်တန်ဈေးနှုန်းက ဒေါ်လာ ၁၂၀၀ ရှိပြီး ကမ္ဘောဒီးယားက ဆန်ကဒေါ်လာ ၃၀၀ လောက်ပိုပြီးဈေးသက်သာပါတယ်။ ဒါကြောင့် ထိုင်း Jasminaine ဆန်ပို့ကုန်သမားတွေက ကမ္ဘောဒီးယားမှာ စက်ရုံများ တည်ဆောက်လာပါတယ်။                                                            

UNT

International Trade News

Pages