နယ်စပ်ကုန်သွယ်ရေးတွင် ကျပ် Earning စနစ်အား ပယ်ဖျက်ပြီး သွင်းကုန်တင်သွင်းခွင့်ပြု

ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန အနေနဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ နယ်စပ်များမှာ ကူးသန်းရောင်းဝယ်ရေးစခန်း (ယခင်နယ်စပ်ကုန်သွယ်ရေးစခန်း) များဖွင့်လှစ်ကာ ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် နယ်စပ် ဖြတ်ကျော် ပုံမှန်ကုန်သွယ်ရေး (Normal Trade) စနစ်အရ ဒေါ်လာ၊ ယူရိုငွေကြေးများအပြင် Border Trade စနစ်အရ "ကျပ်" ငွေကြေးနဲ့ကုန်သွယ်မှုများဆောင်ရွက်ခွင့် ပေးထားခဲ့ပါတယ်။ ကျပ်ငွေကြေးနဲ့ ကုန်သွယ်မှုပြုရာမှာ ကုန် သွယ်မှုတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပို့ကုန်အခွန်အခဖြတ် တောက်ရန်အတွက် ဘဏ်များသို့ ပေးသွင်းရပြီး ကျန် ၉၀ ရာခိုင်နှုန်းကို ပို့ကုန်ကြောင့် ရငွေသွင်းကုန်အကျိုးခံစားခွင့် Earning  အဖြစ် သတ်မှတ်ပြီး သွင်းကုန်ပစ္စည်းများပြန်လည် တင်သွင်းခွင့်ပြုစေတာဖြစ်ပါတယ်။ ယခုအခါ ၂၀၁၂ ခုနှစ် ဧပြီလ ၂၄ ရက်စွဲပါ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ၉^၂၀၁၂ အရ နိုင်ငံပိုင် ဘဏ်များရှိမည်သည့်နိုင်ငံခြားငွေစာရင်းများမှ လက်ကျန်များ ကို မဆို သွင်းကုန် တင်သွင်းခွင့် အပါအဝင် လွတ်လပ်စွာသုံးစွဲ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။  Normal Trade တွင် Earning လိုအပ်မှုမရှိတော့တဲ့ အတွက် တပြေးညီဖြစ်စေရန် Border Trade တွင်လည်း ကျပ်ငွေကြေးနဲ့ဆောင်ရွက်မှုမှာ Earning အားပယ်ဖျက်၍ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက် နေ့မှစ၍နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများမှာ ဆောင် ရွက်ခွင့်ပြုလိုက်ပြီလို့ သတင်းရရှိပါတယ်။ ကျပ် Earningမလိုဘဲ သွင်းကုန်တင်သွင်းရာမှာ Automatic Licensing စနစ်နဲ့ခွင့်ပြုထားတဲ့ သွင်းကုန် ပစ္စည်းအမယ် ၂၄၂ မျိုးအား လွတ်လပ်စွာတင်သွင်းခွင့်ရှိတယ် လို့ သိရပါတယ်။ ထောက်ခံချက်ရယူတင်သွင်း ရမဲ့ သွင်းကုန် ပစ္စည်းများအတွက်မူ သက်ဆိုင်ရာဌာနများရဲ့ထောက်ခံချက် ရရှိမှသာ သွင်းကုန် တင်သွင်းခွင့် လျှောက်ထားနိုင်တယ်လို့ သတင်း ရပါတယ်။ Automatic Licensing စနစ်နဲ့ခွင့်ပြု ထားတဲ့ သွင်းကုန် ၂၄၂ မျိုးစာရင်းကို ၂၀၁၂  ခုနှစ် စက်တင် ဘာလ ၁၇ ရက်နေ့ကပင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
Source:ကညက၊ပန်