မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ တရုတ်သို့ သရက်သီးတင်ပို့မှုများလာပြီး ဈေးကောင်းရနေ

         ယခုရက်သတ္တပတ်အတွင်း မူဆယ်(၁၀၅)မိုင်သစ်သီးဝလံကုန် စည်ဒိုင်မှ  တရုတ်သို့  သစ်သီးဝလံများ တင်ပို့လျက်ရှိရာ  ဖရဲသီးတင်ပို့မှု အနေဖြင့်  ဖရဲကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာနည်းသွားသော်လည်း  ဈေးကောင်းရနေကာ  သခွားတင်ပို့မှုလုံး၀ မရှိဘဲ သရက်သီးတင်ပို့မှုများလာကာ ဈေးကောင်းရနေသည်။ မေ ၈ ရက်မှ ၁၄ ရက်အထိ ဖရဲ ကား ၂၅၈ စီး၊ တန်ချိန် ၃၀၆၈ တန်၊  သရက်သီး ၈၁၉ စီး၊  တန်ချိန် ၄၉၇၀ တန်၊ ကန်စွန်းဥ ၁၃ စီး၊  တန်ချိန်၁၉၂တန် တင်ပို့ရောင်းချခဲ့ကြောင်း  သစ်သီးဝလံကုန်စည်ဒိုင်မှ သိရှိရသည်။  ဖရဲတွင် ဖရဲဖြူသီးမှာတစ်တန်လျှင် ယွမ် ၂၃၀၀-၄၃၀၀၊ ကျပ် ၅၀၀၀၀၀ -  ၉၃၄၀၀၀၊ ဖရဲကျားသီးမှာ   တစ်တန်လျှင်  ယွမ်၂၀၀၀-၄၃၀၀၊ ကျပ် ၄၃၄၀၀၀-၉၃၄၀၀၀၊  ဖရဲအဝိုင်းကျားသီးမှာ  တစ်တန်လျှင် ယွမ် ၂၀၀၀-၃၆၀၀၊ ကျပ် ၄၃၄၀၀၀-၇၈၂၀၀၀ ရရှိကြောင်း  သိရှိရသည်။
        ကန်စွန်းဥ တင်ပို့မှုမှာ တစ်တန်လျှင်   ယွမ် ၁၀၀၀-၁၅၀၀၊ ကျပ် ၂၁၇၄၀၀-၃၂၆၀၀၀ ရရှိသည်။  သရက်သီးတင်ပို့မှုမှာ များလာပြီး  တစ်တန် လျှင်  ယွမ် ၂၀၀၀-၉၈၀၀၊  ကျပ် ၄၃၄၀၀၀ -၂၁၃၀၀၀၀ ဖြင့်  ဈေးကောင်းရ နေသည်။ သရက်သီး တင်ပို့မှုတွင်  စိန်တလုံး၊ ရွှေဟင်္သာ၊ မယ်သီး၊  ရင်ကွဲ သရက်များဖြစ်ပြီး  အရည်အသွေးကောင်းသည့်  ရွှေဟင်္သာနှင့်  စိန်တလုံး သရက်များမှာ အမြင့်ဈေးရရှိပြီး  မယ်သီးနှင့် ရင်ကွဲသရက်မှာ  အနိမ့်ဈေး ရရှိကြောင်း သိရပါသည်။ တစ်ပတ်အတွင်း ငွေဈေးနှုန်းမှာ  တစ်ယွမ် ၂၂၁ ကျပ်မှ ၂၂၆ ကျပ်ထိ ပေါက်ဈေးရှိကြောင်း သစ်သီးဝလံကုန်စည်ဒိုင်မှ  လေ့လာသိရှိရသည်။

 

စုစုသာ(မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)