အလေးချိန် (၃၅)ကျပ်သားစီရှိ ရွှေစင်ရွှေသားညောင်ရွက်(၂)ရွက်ကို ဗုဒ္ဓဂယာသို့ သွားရောက်လှူဒါန်းမည့်သတင်း

မန္တလေးမြို့ရှိ “မောင်ကိန်း” ရွှေဆိုင်မှ ရွှေစင်ရွှေသား(၃၅)ကျပ်သားစီရှိတဲ့ ရွှေညောင်ရွက်(၂)ရွက်ကို ပြုလုပ်ပြီးစီးပြီဖြစ်လို့ ဗုဒ္ဓဂယာသို့သွားရောက်လှူဒါန်းတော့မယ်ဆိုတဲ့ ထူးမြတ်လှတဲ့သတင်းကို ကြားသိရ လို့ ကြည်နူးပီတိဖြစ်ရပါတယ်။

            ဗုဒ္ဓဂယာမှာ လှူဒါန်းမယ့်ရွှေစင်ညောင်ရွက်တစ်ရွက်ချင်းမှာ အလျား (၂၂)လက်မ၊ အနံ(၁၈)လက်မစီ ရှိပြီး ၊ အလေးချိန်(၃၅)ကျပ်သားစီ ရှိကြတယ်လို့သိရပါတယ်။ ဒီရွှေညောင်ရွက် (၂)ရွက်ကို ဆရာတော် အရှင်သောမ(ထားဝယ်) ဦးဆောင်မှုနဲ့ မောင်ကိန်းရွှေဆိုင်မိသားစုတို့ ဗုဒ္ဓဂယာသို့ ကိုယ်တိုင်ပင့်ဆောင် သွားကြမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းဆရာတော်ကြီးများ စုပေါင်းကြီးကြပ် ဆောင်ရွက်မှုများနဲ့အတူ ၂၀၁၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်မှ (၂၆) ရက်အထိ လှူဒါန်းမှုအခန်းအနား ကျင်းပလှူဒါန်းမှာ ဖြစ်ပါတယ်။

            ရွှေစင်ညောင်ရွက်(၂)ရွက်ကို အိန္ဒိယနိုင်ငံဗုဒ္ဓဂယာသို့ ယူဆောင်သွားဖို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ပို့ကုန်လုပ်ငန်းဌာနခွဲမှာ ပို့ကုန် ပါမစ်လျှောက်ထားခဲ့ရာ ၊ ဝန်ထမ်းများရဲ့ စေတနာကုသိုလ်ပါဝင်ဆောင်ရွက်ပေးမှုကြောင့် ပို့ကုန်ပါမစ်ကို စိတ်ချမ်းသာစွာချောမွေ့လျင်မြန်စွာရရှိခဲ့တယ်လို့ အလှူရှင်များထံမှ ကြားသိရပါတယ်။

            ပို့ကုန်ပါမစ်လျှောက်ထားရာမှာ သာသနာရေးဝန်ကြီးဌာန ထောက်ခံချက်၊ ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့်စာကြည့်တိုက်ဦးစီးဌာနရဲ့ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်းထောက်ခံချက်များ တင်ပြ ခဲ့တဲ့အပြင်၊ ရွှေစင်ရွှေသားဖြစ်နေတာမို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ထောက်ခံချက်ကိုပါ တင်ပြ လျှောက်ထားခဲ့ကြောင်း သိရပါတယ်။

            ပို့ကုန်ပါမစ်ရရှိပြီဖြစ်လို့၂၀၁၁ခုနှစ်၊ စက်တင်ဘာလ(၁၉)ရက်နေ့ လေကြောင်းခရီးစဉ်ဖြင့် အိန္ဒိယ နိုင်ငံသို့ ပင့်ဆောင်သွားပြီး ၊ ဗုဒ္ဓဂယာရှိ ဘူမိဖသဘုရားကြီးရဲ့ မျက်နှာကျက်တစ်ဖက်တစ်ချက်မှာ ကပ်လှူ ပူဇော်မှာ ဖြစ်ကြောင်းသိရှိရပါတယ်။

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၊ ဌာနဆိုင်ရာဝန်ထမ်းများထံက ကြားရတဲ့ ပီတိစကားများက တော့ပို့ကုန်မြှင့်တင်ရေးအတွက် မြန်မာ့ထွက်ကုန်များတိုးမြှင့်တင်ပို့ရောင်းချရေး ကြိုးစားနေတဲ့ အချိန်အခါမှာ ပို့ကုန်တင်ပို့ရောင်းချတဲ့ အနေအထားမဟုတ်လို့နိုင်ငံခြားငွေမရရှိပေမယ့် မြန်မာလူမျိုးတို့ရဲ့ အထွဋ် အမြတ်ဗုဒ္ဓဘာသာတရား စတင်ပေါ်ပေါက်ရာ မြတ်စွာဘုရားပွင့်တော်မူရာ ဘူမိနက်သန်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမြို့မှာ ရွှေညောင်ရွက်လှူဒါန်းဖို့ ပို့ကုန်ပါမစ်ရရှိရေးကို ကူညီဆောင်ရွက်ပေးရတာဖြစ်လို့ ဌာန ဝန်ထမ်းများက ကြည်နူးပီတိဖြစ်ရပါတယ်။ကိုယ်တိုင်မလှူဒါန်းနိုင်သော်လည်း၊ လှူဒါန်းမှုအတွက် လိုအပ်တဲ့ ပို့ကုန်ပါမစ်ရရှိရေးကို ဝန်ဆောင်မှုပေးရင်း ကုသိုလ်ရယူခဲ့ကြပါတယ်လို့ ဌာနဝန်ထမ်းများရဲ့ ရင်တွင်းက ပီတိစကားများကြားရပါတယ်။ စာဖတ်ပရိတ်သတ်ကြီးလည်း ကြည်ညိုသဒ္ဒါပွားများကြစေဖို့သတင်းကောင်း ပါးလိုက်ခြင်း ဖြစ်ပါတယ်။

 

 

                                                                                                                                                                Export May