မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တတိယအကြိမ်အစည်းအဝေးကျင်းပ
နေပြည်တော်၊ ဇန်နဝါရီ ၁၄ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၊ တတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူး စီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌက မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေးအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကျင်းပခဲ့မှု အခြေအနေနှင့် ယနေ့အစည်းအဝေးသည် တတိယအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊
သီလဝါအထူးစီးပွားရေးဇုန်တွင် ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ MSMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေ၊ ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များ ဝင်ရောက်ခဲ့မှုအခြေအနေနှင့် OSSC ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုကောင်းမွန်စေရေးနှင့် နိုင်ငံတကာ လုပ်ထုံးလုပ် နည်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊
ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဆက်လက် ဆောင်ရွက်ရမည့်အခြေအနေ၊ မြန်မာအစိုးရ အသိအမှတ်ပြု စုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity-GDE) အဖြစ် ဖွဲ့စည်းထားသည့် Kyauk Phyu SEZ Consortium Company Limited နှင့် CITIC Consortium တို့အကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီး လုပ်ငန်းများအောင်မြင်အောင် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊
ထားဝယ်အထူးစီးပွားရေးဇုန်သည် အရှေ့တောင်အာရှတွင် အရေးပါသည့် ဇုန်တစ်ခု ဖြစ် လာနိုင်သည့်အတွက် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ဆောင်ရွက် ပြီး ရင်းနှီးတည်ဆောင်သူနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရေး၊ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ကို အားပေးခြင်း၊ ဆွဲဆောင်ခြင်းပြုလုပ်ရန် စသည့် ရည်ရွယ်ချက်များနှင့် နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်များ ဖွံ့ဖြိုးမှုမြန်ဆန်ရေးကိစ္စများ၊ ရင်းနှီးတည်ထောင်သူနှင့် ရင်းနှီးမြှုပ်နှံသူများအား မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရန် ပြောကြားသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌက ယခင်ပြုလုပ်ခဲ့သည့်အစည်းအဝေး၏ နောက်ပိုင်းကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်သို့ ရင်းနှီးမြှုပ်နှံမှုအသစ်ဝင်ရောက်လာမှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်လာသည့် အခြေအနေများ၊ ပြည်ပတင်ပို့မှုနှင့် ပြည်ပမှ တင်သွင်းမှုအခြေအနေ၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်နေသည့်အခြေအနေများနှင့် ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအကောင်အထည်ဖော် ဆောင် ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်မည့် မြန်မာအစိုးရအသိအမှတ်ပြုစုပေါင်းကုမ္ပဏီ (Myanmar Government Designated Entity Consortium-GDE) ၏ အခြေအနေ၊ စီမံကိန်းဧရိယာနှင့် တည်နေရာ ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေး တရုတ်နိုင်ငံ CITIC ဘက်မှ ကျွမ်း ကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ အား အထောက်အကူပြုနိုင်ရန် မြန်မာဘက်မှ ကျွမ်းကျင်သူပညာရှင်ဖွဲ့စည်းထားရှိမှုအခြေအနေ များနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦးစီမံကိန်း လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ ၆ ခုနှင့် ချုပ်ဆို ထားသည့် လုပ်ငန်းလုပ်ကိုင်ခွင့်သဘောတူစာချုပ်(Concession Agreement-CA) ၈ ခု အားရပ်စဲခဲ့ မှုခိုင်မာစေရန်နှင့် ရင်းနှီးတည်ဆောက်သူအသစ်များဖြင့် ဆက်လက်လုပ်ကိုင်နိုင်စေရန်အတွက် ဆောင်ရွက်နေမှုအခြေအနေနှင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ထူးခြားဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေမှုအခြေအနေများကြောင့် လုံခြုံရေးအတွက် ဆောင်ရွက်ရန် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ယခင်ကျင်းပခဲ့သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဒုတိယအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင်များက ဇုန်တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက် ပေးနေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးက မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ တတိယအကြိမ် အစည်း အဝေးဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြ၍ အတည်ပြုချက်ရယူခဲ့ပါသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။