ဟိုရှေ့က ဆူဆူညံ ဘာသံလို့မေး
၂ဝ၁၅ ခုနှစ်မှာ အပြည့်အဝ အကောင်အထည် ဖော်တော့မဲ့ အာဆီယံ စီးပွားရေး အသိုက်အဝန်း (aec)ကို လိုက်ပါ အကောင်အထည် ဖော်နိုင်ဖို့ အတွက် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ အနေနဲ့ ကြိုတင် ပြင်ဆင်မှုတွေ အတော် များများ လုပ်နေကြပါပြီ။ တစ်ခုတည်းသော ဈေးကွက် အောက်တွင် ပြိုင်ဆိုင်မှု ရှိတဲ့ စီးပွားရေး ကြိုးဝိုင်းထဲမှာ လက်ရည်တူ ယှဉ်ပြိုင်နိုင်ဖို့ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက အားခဲထားကြတာပါ။ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဖေးမကူညီ ရိုင်းပင်းခြင်းများနဲ့ ဘုံအကျိုး စီးပွားကို ဖော်ဆောင်မယ်လို့ အာဆီယံက ဘယ်လိုပဲ ဟစ်ကြွေး ထားပေမယ့် ကိုယ်ကျိုး စီးပွားကို ဦးစားပေး ကာကွယ်ဖို့ကိုတော့ အဖွဲ့ဝင် နိုင်ငံများ အနေနဲ့ အလေးထား စဉ်းစားပြီး ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေတာကို လက်ရှိ အခင်းအကျင်းတွေက ဖော်ထုတ် ပြသနေပြီး ဖြစ်ပါတယ်။
အိမ်နီးချင်း ထိုင်း နိုင်ငံကတော့ အာဆီယံ ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှု အပေါ်မှာ တော်တော်လေးကို အလေးထား အာရုံစိုက်တာကို သတင်းတွေမှာ အမြဲ တွေ့နေရတာပါ။ ယခုလတ်တလောမှာ ခပ်ဟော့ဟော့ တွေ့နေရတဲ့ သတင်းတွေ ထဲက စိတ်ဝင်စား စရာ သတင်းကတော့ မြန်မာနိုင်ငံ၊ မြဝတီ တစ်ဘက်ခြမ်းမှာရှိတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တပ်ခ်ခရိုင်၊ မဲဆောက်မှာ အထူးစီးပွားရေးဇုန် တည်ဆောက်မယ် ဆိုတဲ့ သတင်းပါဘဲ၊ မြန်မာ- ထိုင်း နယ်စပ်မှာ ထားဝယ် အထူးစီးပွားရေး ဇုန် အပြင် ထပ်မံပေါ်ထွန်းလာမယ့် အထူး စီးပွားရေးဇုန်ပါ။
မြဝတီ တစ်ဘက်ခြမ်း မဲဆောက်မှာ အကောင်အထည် ဖော်မယ့် အထူးစီးပွားရေး ဇုန်ဟာ အရေးပါတဲ့ စီးပွားရေး ဇုန်ဖြစ်လာမှာမို့ အဲဒီ စီးပွားရေး ဇုန် မူဝါဒကော်မတီကို ထိုင်း ဝန်ကြီးချုပ်က ကိုယ်တိုင် ဦးဆောင်မယ်လို့လည်း သိရပါတယ်။ ဒီအထူးစီးပွားရေး ဇုန်ကြီးဟာ အာဆီယံ စီးပွားရေး အသိုက်အဝန်းကို ၂ဝ၁၅ ခုနှစ်မှာ အချိန်မှီ ထူထောင်ရန်နဲ့ ထိုင်းနိုင်ငံရဲ့ အရှေ့အနောက် စီးပွားရေး မျက်နှာစာ တိုးခဲ့ျရန် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ထူထောင်သွားဖို့ အတွက် ထိုင်းအမျိုးသား စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးရေး ဘုတ် (NESDB)က ဆုံးဖြတ် လိုက်တယ်လို့ သိရပါတယ်။
မဲဆောက် ဘက်ခြမ်းမှာ အကောင်အထည်ဖော်မဲ့ အထူး စီးပွားရေးဇုန်ဟာ မြန်မာ- ထိုင်းနှစ်နိုင်ငံကို ခြားထားတဲ့ မိုအိ မြစ်ကမ်းဘေးရှိ မဲဖ နဲ့သာ ဆိုင်လွတ်ရွာများရှိ ဧက ၉ဝဝ ခန့် အကျယ်အဝန်းရှိ မြေကွက်မှာ ကနဦး တည်ဆောက်သွားမှာ ဖြစ်ပြီး ဇုန်မှာ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ၊ ကုန်သွယ်မှု ကဏ္ဍ၊ အကောက်ခွန်လွတ် ဧရိယာရှိ ကုန်လှောင်ရုံများ၊ ကုန်သွယ်မှု အတွက် တစ်နေရာတည်း ပြီးပြည့်စုံအောင် ပေးမည့် ဝန်ဆောင်မှုများ၊ တစ်နေရာတည်း စစ်ဆေး အခွန်ဆောင်မှုများ၊ အာဆီယံ ပြတင်း တစ်ပေါက် စနစ်များ ပါဝင်မှာ ဖြစ်ပါတယ်။
အထူး စီးပွားရေးဇုန်နဲ့ ဆက်စပ်ပြီး စက်မှုဇုန်နှင့် အခြား စီမံကိန်းများဖြစ်တဲ့ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်တို့ အပြင် ဒုတိယမြောက် မြန်မာ- ထိုင်းချစ်ကြည်ရေး တံတား တစ်စင်းကိုလည်း ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
မဲဆောက် ဘက်ခြမ်းမှာ အကောင်အထည်ဖော်မဲ့ အထူး စီးပွားရေးဇုန်ဟာ ဒေသခံ ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို ရရှိစေဖို့ အတွက် လုပ်သား အင်အား အခြေပြုတဲ့ ချည်မျှင်နှင့် အထည်စက်ရုံများ၊ သစ်သီး ဟင်းရွက် စည်သွတ်ဗူး စက်ရုံများ၊ သစ်သား အချောထည်နှင့် ပရိဘောဂ လုပ်ငန်းများ ပိုမို ဖြစ်ထွန်း နိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။
မဲဆောက် ဘက်ခြမ်းမှာ တည်ဆောက်မဲ့ အထူး စီးပွားရေးဇုန်ရဲ့ အနာဂတ် အလားအလာ အပေါ်မှာ သူ့ဘက် ကိုယ့်ဘက် အကျိုးအမြတ် ဖြစ်ထွန်းနိုင်မှုကို ဆန်းစစ် ကြည့်မယ်ဆိုပြီး မိမိတို့ အနေနဲ့လည်း ကြိုတင် စီမံ ကာကွယ်မှုများ လိုကောင်း လိုအပ်မှာ ဖြစ်ပါတယ်။
ရရှိသော သတင်းများ အရ စီမံကိန်းတွင် ပါဝင်တဲ့ လုပ်ငန်းများမှ လုပ်သား အင်အားနဲ့ သဘာဝ ရင်းမြစ် ကုန်ကြမ်းများကို အခြေခံတဲ့ လုပ်ငန်းများ အဓိက ပါဝင်နေပါတယ်။ အဆိုပါ လုပ်ငန်းများ အတွက် လိုအပ်တဲ့ ကုန်ကြမ်းနှင့် လုပ်သား အင်အားကို ဘယ်လို ဖြည့်ဆည်း ရရှိမယ်ဆိုတာတော့ စီမံကိန်း အကောင် အထည်ဖော်မဲ့ သူတွေက တွက်ချက်ပြီး ဖြစ်မှာပါ။ မဲဆောက် ဘက်ခြမ်းမှာ အကောင်အထည်ဖော်မဲ့ အထူး စီးပွားရေးဇုန်ရဲ့ အနာဂတ် အလားအလာမှာ ထိုင်းနိုင်ငံ အတွက် အကျိုး အမြတ်များစွာ ဖြစ်ထွန်း လာနိုင်ပါတယ်။
အဆိုပါ အကျိုး အမြတ်များ ဖြစ်ထွန်းစေရန် အတွက် အခြား တစ်ဖက်မှာ မိမိတို့ နိုင်ငံမှ စီးဆင်း သွားနိုင်တဲ့ လုပ်သား အင်အားများ၊ ရင်းမြစ် ကုန်ကြမ်းများနှင့် ပတ်သက်ပြီး မိမိတို့ အတွက်လည်း ထိုက်တန်တဲ့ အကျိုး အမြတ်များ ဖြစ်ထွန်းလာရေး ကြိုတင် ပြင်ဆင် ထားရမယ်ဆိုတာ အသေအချာပါ။
အိမ်နီးချင်း ထိုင်းနိုင်ငံ အနေနဲ့ အာဆီယံ ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုကို လိုက်ပါ ဆောင်ရွက်နိုင်ရေး အတွက် အမျိုးမျိုးသော မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ပြီး နယ်ပယ် အားလုံး အတွက် စီမံကိန်း၊ စီမံချက် များစွာဖြင့် ကြိုတင် ပြင်ဆင်ရေး ဘင်သံ တညံညံဖြင့် ပွဲမဝင်ခင် ကပင် အချိန်ယူ ပြင်ဆင် ဆောင်ရွက်နေရာ ဘေးမှ ကြည့်နေသူပင် အားတက်စရာ ဖြစ်နေမိ ပါတယ်။
အကြံကောင်း ရှိပေမဲ့ အကောင်အထည်ဖော်ဖို့ နှောင့်နှေး နေခဲ့မယ်ဆိုရင် ဒုံးပံျထက် မြန်တဲ့ သတင်း နည်းပညာနဲ့ အသိပညာ ခေတ်ကြီးမှာ နှာတစ်ဖျားလေး ဦးသွားရင်တောင် ဦးတဲ့သူက အသာစီး ရသွားမှာမို့ သူများထက် နောက်ကောက ်မကျအောင်တော့ သတိ သမ္ပဇဉ်ဉာဏ် ယှဉ်ပြီး ဆောင်ရွက်ဖို့ လိုပါပြီ။
ကိုယ့်ဘေးခြံက လူတွေက ခြံကြီး သာယာလှပရေး အတွက် ဦးဆောင်သူရဲ့ နောက်မှာ တက်ညီလက်ညီ အပေး အယူ ကြည်ဖြူစွာနဲ့ ညာသံပေး ဆောင်ရွက် နေတာတောင် ကိုယ့်ခြံက လူတွေက လက်တွေ့ လုပ်ရမယ့်အရာတွေ အတွက် တုတ်တုတ် မလှုပ်သေးတဲ့ အပြင် ညီညွတ်မှု မရှိဘဲ အချင်းများလို့ ကောင်းနေတုန်း ဆိုရင်တော့ သူများခြံ သာယာ လှပသလိုပဲ ကိုယ့်ခြံ သာယာ လှပလာနိုင်မှာ မဟုတ်ပါဘူး။
အဲ့လိုဆိုရင်တော့ ဆယ်နှစ်ရာသီ သီးပွင့်နေတဲ့ သူများခြံ သွားပြီး သူရင်းငှား လုပ်ရတဲ့ ဘဝကနေ တစ်နေဝင် တစ်မိုးချုပ်လို့ အဆုံးမှာ ဘဝနိဂုံးချုပ် သွားရမဲ့ အဖြစ်မျိုးပါ။ အဲဒီဘဝမျိုး မဖြစ်ချင်ဘူး ဆိုရင်တော့ ငယ်ငယ်တုန်းက သင်ကြားခဲ့ရတဲ့ ''သာသည့်မြေသို့'' ကဗျာ လေးထဲက စာသားလေးဖြစ်တဲ့
''သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့် ငါ့မြေမှာ နီဝါ တင့်ရမပေါ့ အခွင့်အခါ မျှော်လို့ ဥယျာဉ်တော် သာယာရေးကိုလ ရှုမြင် မျှော်ခါခါတွေးပါလို့ မနှေးပင် အားအင် ထုတ်လို့ရယ် ပေါင်းနှုတ်ဖို့ခဲ'' ဆိုသလို ခပ်မြန်မြန် ခပ်သွက်သွက်လေး လက်တွေ့ စတင် အကောင်အထည် ဖော်ကြဖို့ လိုပြီဆိုတာ အကျိုးမျှော်ပြီး နှိုးဆော် ပါရစေ။
Source: နကသ (ကမရ) >>> ညီညီအောင် (အမ်ဘီအေ)