အစစ်နဲ့ အတု
၂၁ ရာစုဟာ အံ့မခန်းအောင် တိုးတက်ခဲ့ ပါတယ်။ ကျွန်တော်တို့ စားနေတဲ့ ဆန်တောင်မှ အတု လုပ်ပြီး ဈေးကွက်ထဲ တင်ပို့ဖို့ အထိဖြစ်လာ ခဲ့တယ်။ အစစ်နဲ့ အတု ခွဲခြားလို့ မရအောင်လဲ လုပ်လာ နိုင်ကြတယ်။
၂ဝ၁၂ ခုနှစ် (၁၂) ကြိမ်မြောက် မြန်မာ- တရုတ် ကုန်စည် ပြပွဲကြီးမှာ တရုတ် နိုင်ငံဖက်မှ (၂၂)ဘီး ကုန်တင် ယာဉ်ကြီးတွေ လာရောက် ပြသပါတယ်။ ရောင်းဈေး ကတော့ မြန်မာ ကျပ်ငွေနဲ့ သိန်း ၇၂ဝ ဖြစ်ကြောင်း သိရပါတယ်။ တစ်ယောက်က လာရောက် ပြသတဲ့ ကုမ္ပဏီကို ''မများလွန်းဘူးလား'' လို့မေးခဲ့ရာ တရုတ် ကုမ္ပဏီ ဖက်မှ ''ဒီမော်ဒယ်လ်၊ ဒီပုံစံ အတိုင်းဘဲ ကျပ်သိန်း (၂ဝဝ)နဲ့ မှာမယ်ဆိုရင် ထုတ်ပေးလို့ ရပါတယ်'' လို့ ပြန်ပြော တယ်လို့ ကြားသိခဲ့ရ ပါတယ်။
ကုန်ပစ္စည်း အတုတွေဟာ နေရာ တကာမှာ အလွယ်တကူ ဝယ်ယူလို့ ရနေပြီဖြစ်တယ်။ ကျန်တဲ့ ကုန်ပစ္စည်း တွေထက် ဆေးဝါးနဲ့ စားသောက် ကုန်တွေက ပိုပြီး လူကို အန္တရာယ် ပေးနေတာ ဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဆေးဝါး အတုတွေ အကြောင်း မကြာခဏ ပြောဆိုသံများ ကြားရ တတ်ပါတယ်။ လူကို အန္တရာယ် ပြုတဲ့ အသံမကြား ပေမယ့် ဆေးမတိုးဘူး ဆိုတဲ့ အသံတွေ ပတ်ဝန်းကျင်မှာ ကြားနေ ရတာ ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အတုဟာ အတုပဲ ဆိုတာ သတိ လက်လွတ် မဖြစ်ဖို့ အရေးကြီးတာ ဖြစ်တယ်။
အထူးသဖြင့် အစား အသောက်ဟာ လူ့အသက်ကို အန္တရာယ် အပေးနိုင်ဆုံး ဖြစ်တယ်။ လူအများ အသက်ရှင် နေထိုင်ရေး အတွက် အစား အသောက်ကို စားသောက် နေရတာ ဖြစ်တယ်။ ဒါ့ကြောင့် မရှိမဖြစ် စားသောက်ကုန် ပစ္စည်းများ ဘေးကင်း လုံခြုံစွာ စားသောက် နိုင်ရေးဟာ လူတိုင်းနဲ့ တိုက်ရိုက် ပတ်သက် ပါတယ်။ ယခု ခေတ်မှာ အသင့် စားသုံးနိုင်တဲ့ စားသောက်ကုန် ပစ္စည်းများ ကျယ်ကျယ် ပြန့်ပြန့် စားသုံးမှု များလာ သလို အစားအသောက် ကနေ ဖြစ်ပေါ် လာရတဲ့ အန္တရာယ် များလည်း တိုးလာ တယ်လို့ ပညာရှင်များက မှတ်ချက်ပြု ကြပါတယ်။
၎င်း အန္တရာယ်တွေ အနက် အဓိက ၃ မျိုးမှာ ဓါတု အန္တရာယ် (Chemical Hazards) ၊ ဇီဝ အန္တရာယ် (Biological Hazards)၊ ရုပ်ပစ္စည်း အန္တရာယ် (Physical Hazards)တို့ ဖြစ်ကြ တယ်လို့ ဆိုပါတယ်။ ပညာရှင်များရဲ့ အဆိုအရ အစား အသောက်ထဲမှာ ဓါတု ညစ်ညမ်းမှု (Chemical Contaminants)ကို ၄ မျိုးခန့် ထပ်မံ ခွဲခြမ်း လေ့လာနိုင် တယ်လို့ ဆိုပါတယ်။ အဲဒါတွေ ကတော့ လယ်ယာသုံး ဓါတု ပစ္စည်း အကြွင်း အကျန်များ (Agrochemical Residues) တိရိစ္ဆာန်သုံး ဆေးဝါး အကြွင်း အကျန်များ (Veterinary Medicine Residues)၊ အဆိပ်သင် စေသော သတ္ထု ပစ္စည်များ (Toxic Heavy Metals)၊ စားသောက်ကုန် အားဖြည့် ပစ္စည်းများ (Food Additives) စတာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် အစား အသောက်ကို အန္တရာယ် ပေးနိုင်တဲ့ အခြား အကြောင်းအရာ များကတော့ အနုဇီဝ ပစ္စည်း ပါဝင်မှု (Microbiological Hazards)၊ မှိုဆိပ် ပါဝင်မှု (Mycotoxins)၊ ဓါတ်မတည့် တုန့်ပြန်ခြင်း (Allergic Reaction)၊ မျိုးရိုး ဗီဇ ပြုပြင် ပြောင်းလဲ ထားတဲ့ အစား အသောက်များ (Genetically Modified Foods)၊ ဓါတ် ရောင်ခြည်သင့် အစား အသောက်များ (Irradiated Foods)၊ အရော အနှော ပစ္စည်း ဓါတ်ပြုခြင်းများ (Adulteration)ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီန္တရာယ်များ ကိုတော့ ဓါတ်ခွဲ ခန်းမှာ စနစ်တကျ စမ်းသပ်မှ သိရှိနိုင်တာ ဖြစ်ပါတယ်။ နောင်ဆိုလျှင် နေရာ အတော်များများမှာ စမ်းသပ်နိုင်ဖို့ နိုင်ငံတော်မှ စီမံ ဆောင်ရွက်ရန် လျာထား တယ်လို့ သိရှိရပါတယ်။