(၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည် ပြပွဲ စတုတ္ထနေ့တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသ

Sun, 08/20/2023 - 16:58 -- mocadmin

နေပြည်တော်၊ ဩဂုတ် ၁၉    တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင် ကျင်းပပြုလုပ်နေသည့် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ၏ စတုတ္ထနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံပြခန်းဆောင်၌ မြန်မာကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက မြန်မာနိုင်ငံ၏သမိုင်းကြောင်း၊ လှပသော သဘာဝရှုခင်းများနှင့် မြန်မာ့ထွက်ကုန်ပစ္စည်းများအကြောင်းကို  မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာတွင် ပရိတ်သတ်များက စိတ်ဝင်တစားစည်ကားစွာ ကြည့်ရှုခဲ့ကြပါသည်။ ပြခန်းဆောင်အတွင်း ပြသထားသည့် မြန်မာ့ခရီးသွားနေရာများကိုလည်း ပြခန်းသို့လာရောက်သူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုကြပါသည်။ ထို့အပြင် ကုန်စည်ပြပွဲ စတုတ္ထနေ့ တွင်လည်း မြန်မာပြခန်းများ၌ ရောင်းချလျက်ရှိသည့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက်နှစ်သက်ကြ၍ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများက တရုတ်လုပ်ငန်းရှင်များ၏ သိရှိလို၍ မေးမြန်းမှုမျာကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။ မြန်မာနှင့် တရုတ်လုပ်ငန်းရှင်များအကြား ကုန်ပစ္စည်းများတင်ပို့တင်သွင်းရေး နှင့်ပတ်သက်၍လည်း ဆွေးနွေးနိုင်ခဲ့ကြပါသည်။ ကုန်စည်ပြပွဲတွင်ပါဝင်ပြသနေသည့် မြန်မာလုပ်ငန်းရှင် များသည် ကူမင်းမြို့ရှိ China South Asia Southeast Asia Cross Border e-commerce Industry Center သို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။ အဆိုပါ Center သည် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်စည်များကို Live Sale ရောင်းချပေးနေသောနေရာဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များက မိမိတို့၏ထုတ်ကုန်ပစ္စည်းနမူနာများကို ပါဝင်ပြသခဲ့ကြသည်။ Center တွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်းများကို Live Sale ရောင်းချနိုင်သည့် Broadcast Room တစ်ခုကိုလည်း ဖွင့်လှစ်ထားသည်ကို လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages