ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 07/31/2024 - 15:14 -- ipICTdep

နေပြည်တော်၊ဇူလိုင်လ၃၁

   ဒေသဆိုင်ရာအညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာပုံစံများ (မူကြမ်း) တို့နှင့်စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို၂၀၂၄ခုနှစ်၊ဇူလိုင်လ၃၁ရက်နေ့၊ နေ့လယ်(၁၃:၃၀) နာရီအချိန်တွင်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးရုံး၊အစည်းအဝေးခန်းမ(၁)၌ Virtual စနစ်ဖြင့်ကျင်းပခဲ့ပါသည်။

   အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်နှင့်အညီ စိုက်ပျိုးရေးထွက်ကုန်များ၊ ဒေသထွက်ကုန်များ၏ အရည်အသွေးမြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအညွှန်း အကာအကွယ်ပေးခြင်းစနစ်သည်လည်း များစွာ အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အခန်း (၁၆) မှ ဒေသဆိုင်ရာအညွန်း အကာအကွယ်ပေးမှုနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် နည်းဥပဒေများကို ပြဋ္ဌာန်းရန်လိုအပ်နေပါကြောင်း၊ ဒေသဆိုင်ရာ အညွှန်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)အား မူပိုင်ခွင့်ဦးစီးဌာနမှ  ၂၀၂၁ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး အဆိုပါနည်းဥပဒေများ(မူကြမ်း)အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များမှ သဘောထားမှတ်ချက်များ တောင်းခံရရှိထားပြီးဖြစ်၍ ယခုညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ အစည်းအဝေးမှ ဆွေးနွေးအကြံပြုချက်များအရ လိုအပ်သည်များ ပြင်ဆင်ဖြည့်စွက်ပြီး နည်းဥပဒေအတည်ပြုနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ဆက်လက်၍ မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်နှင့် ဘာသာရပ် ဆိုင်ရာတာဝန်ခံတို့က ဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ(မူကြမ်း)၊ လျှောက်လွှာ ပုံစံများ (မူကြမ်း)တို့နှင့်စပ်လျဉ်း၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ တောင်းခံရရှိခဲ့မှု အခြေအနေ၊ ပြင်ဆင်ထားရှိမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဖိတ်ကြား ထားသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။

   အဆိုပါဒေသဆိုင်ရာအညွှန်း မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေကို အတည်ပြုပြဋ္ဌာန်း ကျင့်သုံး နိုင်ပါက မြန်မာနိုင်ငံတွင်း ထွက်ရှိသော ဒေသထွက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ရွာငံကော်ဖီ၊ ကျောက်ဆည်စိန်တလုံး၊ ပုဂံယွန်း ကဲ့သို့သော ဒေသထွက်ကုန်များကို အရည်အသွေးမီစွာဖြင့် နိုင်ငံ တကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်မည့်အပြင် ထုတ်ကုန် တန်ဖိုး တိုးမြှင့်ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages