စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံ (South Dagon Oil Mill Co., Ltd.) သို့ သွားရောက်ကြည့်ရှုစစ်ဆေး

Sat, 08/03/2024 - 07:26 -- mocadmin

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ်ရှိ တောင်ဒဂုံ စားအုန်းဆီသန့်စက်ရုံ (South Dagon Oil Mill Co., Ltd.) သို့ ယနေ့ နေ့လည်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံတာဝန်ရှိသူများ က စက်ရုံသမိုင်းကြောင်း၊ စက်စွမ်းအား၊ ဝန်ထမ်းအင်အား၊ လက်ရှိကုန်ကြမ်းရရှိမှု အခြေအနေ၊ စားအုန်းဆီသန့် ထုတ်လုပ်နိုင်မှုအခြေအနေ၊ အများပြည်သူစားသုံးရန်ဖြန့်ဖြူးရောင်းချနိုင်မှုအခြေ အနေ၊ ဘေးထွက်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး က သတ်မှတ်အရည်အသွေးများနှင့်အညီ ထုတ်လုပ်ရန်၊  ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို လျှော့ချ နိုင်ရေးအတွက် ကုန်ထုတ်စွမ်းအားတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ထုတ်လုပ်မှုစရိတ်ကို တတ်နိုင်သမျှလျှော့ချပြီး သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

   ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ စက်ရုံ တာဝန်ရှိသူများက စားအုန်းဆီကြမ်းများအား အချွဲချွတ်ခြင်း၊ အချဉ်ချွတ်ခြင်း၊ အရောင်ချွတ်ခြင်း၊ အနံ့ ချွတ်ခြင်း၊ ဆီအကြည်နှင့် အခဲခွဲထုတ်ခြင်းတို့ကို ဆီကြမ်းမှ ဆီချောထွက်ရှိသည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်အား ရှင်းလင်းပြသခဲ့သည်။

   တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့သစ်မြို့နယ်၊ ပဲခူးမြစ်လမ်းပေါ်၌ တည်ရှိပြီး ဝန်ထမ်းအင်အား ၈၅ ဦးဖြင့် စက်တပ်ဆင်အင်အား တစ်ရက်လျှင် စားအုန်းဆီကြမ်း တန်ချိန် ၁၅၀ ကို သန့်စင်ပေးနိုင်ကြောင်းသိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ရှိ ဆီအုန်းစိုက်ဧက ၁၄၆၀၀ မှ ထွက်ရှိသည့် ဆီသီးခိုင်များကို ဆီကြိတ်ခွဲပြီး စားအုန်း ဆီကြမ်းများကို ရန်ကုန် တောင်ဒဂုံစားအုန်းဆီသန့်စက်ရုံသို့ သယ်ယူ၍ စားအုန်းဆီကြမ်းမှ ဆီသန့်ရရှိ သည်အထိ အဆင့်ဆင့်ကြိတ်ခွဲထုတ်လုပ်လျက်ရှိပါသည်။ လက်ရှိတွင် ကုန်ကြမ်းရရှိမှု အခြေအနေ အရ တစ်လလျှင် ပျမ်းမျှစားအုန်းဆီကြမ်းတန်ချိန် ၂၀၀၀ မှ ဆီသန့် (RBD Palm Olein) တန်ချိန် ၁၂၀၀ ခန့် ထုတ်လုပ်ပေးလျက်ရှိပြီး စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများနှင့် စားသောက်ဆိုင် များသို့ အဓိကဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် ဘေးထွက်ပစ္စည်းများဖြစ်သည့် စားအုန်းဆီအနှစ် အခဲ (Palm Stearin) များအား တိရိစ္ဆာန်အစာ၊ ဇီဝလောင်စာ၊ ဆေးဝါးနှင့် အလှကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages