စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒေါက်တာပွင့်ဆန်း ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားခြင်းများကို ကိုယ်စားဆောင်ရွက်ရမည့် ကိုယ်စားလှယ်များသတ်မှတ်ခြင်းအပေါ် ဆောင်ရွက်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြသည့်အခမ်းအနား

Mon, 06/14/2021 - 07:32 -- mocadmin

နေပြည်တော် ဇွန် ၁၁ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်လျှောက်ထားခြင်းဆိုင်ရာကိစ္စများကို ကိုယ်စားဆောင်ရွက်ရမည့် ကိုယ်စားလှယ်များသတ်မှတ်ခြင်း နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် မူပိုင်ခွင့်ဦးစီးဌာနကို အလေးထားပါကြောင်း၊ ဦးစီးဌာနအသစ်တစ်ခုအနေဖြင့် ရုံးအဆောက်အဦတွင်ရှိသင့်ရှိထိုက်သည့်အင်္ဂါရပ်များနှင့် ပြည့်စုံစေရေး၊ လူ့စွမ်းအားအရင်းအမြစ်ရရှိရေးနှင့် ပြုစုပျိုးထောင်ရေးတို့ကို ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းထားပြီဖြစ်ပါကြောင်း၊ ဗဟိုကော်မတီသို့ မူပိုင်ခွင့်ဆိုင်ရာဆောင်ရွက်မှုများကို တင်ပြနိုင်ရေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့် ဥပဒေ(၄)ရပ်ကို အကောင်အထည်ဖော်ရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ဦးစွာဆောင်ရွက်ပြီး လျာထားသည့်အစီအစဉ်အလိုက် ဥပဒေတစ်ရပ်ချင်းစီကို အာဏာသက်ရောက်စေပြီး အကောင်အထည်ဖော်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က ရှင်းလင်းတင်ပြခဲ့ရာ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လျှောက်ထားခြင်းကို ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening)ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပထမအဆင့်အနေဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များသည် အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းကို ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ကုမ္ပဏီနှင့် ဥပဒေအကျိုးဆောင်အဖွဲ့များမှတစ်ဆင့် သတ်မှတ်ထားသည့် အီလက်ထရောနစ်နည်းဖြင့် လျှောက်ထားနိုင်ပါကြောင်း၊ အီလက်ထရောနစ်ဖြင့် User Account ယူခဲ့သော ကိုယ်စားလှယ်အရေအတွက်မှာ (၆၀၂) ဦး ရှိသော်လည်း မှတ်ပုံတင်လျှောက်ထားမှုများကို ဆောင်ရွက်နေသော ကိုယ်စားလှယ် (၄၁၁) ဦးသာရှိပါကြောင်း၊ Account များမှတစ်ဆင့် တင်သွင်းလာသော လျှောက်လွှာအရေအတွက်မှာ (၃၀၀၀၀) ကျော်ရှိပြီး Pending Status ဖြစ်နေသည့် လျှောက်ထားချက်များလည်း ရှိပါကြောင်း၊ အမှတ်တံဆိပ်ပိုင်ရှင်များကိုယ်တိုင် (သို့မဟုတ်) ၎င်း၏ ကိုယ်စားလှယ်က မူပိုင်ခွင့်ဦးစီးဌာနသို့ လာရောက်လျှောက်ထားနိုင်ရေးကို ဒုတိယအဆင့်တွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့မဆောင်ရွက်မီ အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ “ကိုယ်စားလှယ်” သတ်မှတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး အခမ်းအနား ကိုရုပ်သိမ်းခဲ့သည်။

          အဆိုပါအခမ်းအနားသို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

နောက်ဆုံးရသတင်းများ

Pages